
ရန်ကုန် ဒီဇင်ဘာ ၁၉
လူဦးရေထူထပ်များပြားပြီး စီးပွားရေးအချက်အချာကျသော ရန်ကုန် မြို့ကြီးတွင် နေ့စဉ် သိန်းနှင့်ချီ စီးနင်းလိုက်ပါလျက်ရှိသော YBS ခရီး သည်များ ပိုမိုအဆင်ပြေနိုင်ရေးအတွက် ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ဦးဆောင်ကာ အလွယ်တကူ ငွေပေးချေနိုင်သော YPS ကတ်စနစ်ကို တွင်ကျယ်စွာ ပြန်လည်အသုံးပြုနိုင်ရေး စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း YRTC ရုံးမှ သိရသည်။
“ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေအနေနဲ့ လတ်တလော YBS ယာဉ်လိုင်းအချို့ရဲ့ ကားတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်ဆိုတာ ပြည်သူတွေရဲ့ တိုင်ကြားမှုတွေအရ ကျွန်တော်တို့ သိနေရပါတယ်။ တချို့က ငွေပုံးတွေ အသုံးမပြုတော့ဘဲ လူကိုယ်တိုင် တောင်းတာတွေ၊ တချို့ယာဉ်တွေက ယာဉ်နောက်လိုက်အပိုတွေထားပြီး ပိုတောင်းတာတွေ၊ အထူးသဖြင့် သတ်မှတ်နှုန်းထားထက် နှစ်ဆ တောင်းတာတွေ၊ အခက်အခဲမျိုးစုံပါပဲ။ ခရီးသွားပြည်သူတွေ ကြုံတွေ့ နေရတဲ့ အဲဒီအခက်အခဲမျိုးစုံ ကျော်လွှားနိုင်ဖို့ YRTC က ဦးဆောင် ပြီးတော့အရင်ကအသုံးပြုခဲ့တဲ့ YPS ကတ် စနစ်တကျ တွင်ကျယ်စွာ ပြန်လည်အသုံးပြုနိုင်ရေးကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ လာမယ့် တစ်ပတ်အတွင်းမှာ စတင်အကောင်အထည်ဖော် တော့မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ခြောက်သောင်းကျော်
ရန်ကုန်မြို့တွင် YBS ခရီးသည်ယာဉ်လိုင်းမှ ယာဉ်များတွင် YPS ငွေပေးချေကတ် အသုံးပြုမှုကို ၂၀၁၉ ခု နှစ်ဦးပိုင်းမှစတင်ခဲ့ပြီး ငွေပေးချေကတ် စုစုပေါင်း ခြောက်သောင်းကျော်ကို ခရီးသွားပြည်သူ များ ဝယ်ယူအသုံးပြုကာ ယာဉ်အစီးရေ ၁၉၀၀ ကျော် ၌ အသုံးပြုခဲ့ကြသည်။ ယင်းအသုံးပြုမှု တွင်ကျယ်စ ပြုနေချိန်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အချိန်တန့်ခဲ့၍ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ဖြင့် ဒုတိယအကြော့ကို ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ဦးဆောင်ကာ စတင် ဆောင်ရွက်မည်ဖြစ်သည်။
စတင်ဆောင်ရွက်ခြင်းဖြစ်
လတ်တလော၌ ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်း အချို့၏ယာဉ်များမှာ သတ်မှတ်ထားသော စည်းကမ်း ချက်များအား ကျော်လွန်လုပ်ဆောင်နေခြင်း ကြောင့် လတ်တလောတွင် ယာဉ်အစီးရေ ၅၀၀ ကျော် နှစ်ချီပိတ်သိမ်းရပ်နားသည်အထိ အရေးယူ ထားပြီးဖြစ်သည်။ သို့သော် အချို့ယာဉ်များမှာ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ အမျိုးမျိုး အဖုံဖုံ ကျူးလွန်လျက်ရှိသည်။
လိုက်နာသည့် YBS ယာဉ်လိုင်းများရှိသကဲ့သို့ မလိုက်နာသည့် ယာဉ် လိုင်းများကိုလည်း YRTC အနေဖြင့် ဆင့်ကဲဆင့်ကဲ အကြိမ်ကြိမ် သတိပေးကာ လိုက်နာမှုမရှိတော့ သဖြင့် ပြေးဆွဲမှုကို ရပ်နားသည်အထိ ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပိတ်သိမ်းအရေးယူ မှုထဲတွင် အပိုယာဉ်နောက်လိုက်များလိုက်ပါ၍ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံနေမှုများမှာ အများဆုံးဖြစ်သဖြင့် ယခုကဲ့သို့ YPS ငွေပေးချေကတ် ကို ပြန်လည်ကာ အသုံးပြုနိုင်ရေး စတင်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
အခမဲ့ ကတ်ထုတ်ပေးမှု
YRTC အနေဖြင့် တစ်ပတ်အတွင်းတွင် YPS ငွေပေးချေကတ်ကို တန်ဖိုးငွေကျပ် ၂၀၀၀ သတ်မှတ် ထားပြီး ကနဦးဝယ်ယူသူများကို ငွေကျပ် ၃၀၀၀ ဖြည့်သွင်းရုံဖြင့် ကတ်တန်ဖိုးကို တောင်းခံမည် မဟုတ်ဘဲ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ အခမဲ့ ကတ်ထုတ်ပေးမှုကိုလည်း အချိန်ကာလတစ်ခု အထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်