
ရန်ကုန် နိုဝင်ဘာ ၁၃
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ရုံးများတွင် ယာဉ်မောင်း လိုင်စင် သက်တမ်းတိုး ရက်ချိန်း ကြိုတင် စာရင်းသွင်းသည့်စနစ်(Online booking system)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်မှစတင်၍ ပြောင်းလဲ ကျင့်သုံး ဝန်ဆောင်မှုပေးလျက်ရှိသည်။
မိမိယာဉ်မောင်းလိုင်စင် သက်တမ်း တိုးမှုကို www.rtad.gov.mm Website တွင် Online booking ကို အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၀ ရက်ထိ ကြိုတင် ရယူနိုင်ပြီး Online Booking System အား က၊ က-၁၊ ခ၊ ဃ၊ င စသည်တို့ အတွက် သက်တမ်းတိုး ယာဉ်မောင်း လိုင်စင်များအတွက်သာ ဆောင်ရွက် မည်ဖြစ်ပြီး သ၊ ဂ၊ ဌ၊ စ၊ ဟ စသည်တို့ သက်တမ်းတိုးမည့် ယာဉ်မောင်းလိုင်စင် များနှင့် နယ်ဝင်နှင့် ပျောက်/ပျက်မိတ္တူ ဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင် များသည် Online Booking ရယူရန် မလိုဘဲ ယခင်အတိုင်း ဆက်လက် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ရုံးဖွင့်ရက်တို့တွင် နံက်ပိုင်း ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ လေးကြိမ်ခွဲ၍ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး စောင်ရေ ၂၀၀၊ အနောက်ပိုင်းခရိုင်ရုံးစောင်ရေ ၄၀၀၊ တောင်ပိုင်းခရိုင်ရုံးစောင်ရေ ၁၂၀ နှင့် မြောက်ပိုင်းခရိုင်ရုံး၌ စောင်ရေ ၂၅၀ ဖြင့် တစ်ရက်လျှင် ခရိုင် ရုံးလေးခု၌ စောင်ရေ ၉၇၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးတို့တွင် လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သင်တန်းများနှင့် ယာဉ်မောင်းလိုင်စင် ဖြေဆိုစစ်ဆေး ခြင်း လုပ်ငန်းတို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်မှစ၍ ခေတ္တ ရပ်ဆိုင်းခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့ကျခဲ့ရာ ယာဉ် မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်း ကို Online Booking စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲ (ရွာသာကြီး) တစ်နေရာတည်း၌ (ခ) ယာဉ်မောင်းလိုင်စင်၊ (ဃ) ယာဉ်မောင်း လိုင်စင်၊ (င) ယာဉ်မောင်းလိုင်စင် အသစ် ဖြေဆိုလိုသူများနှင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်း တက်ရောက်လိုသူများ အနေဖြင့် နံက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲထိ တစ်ရက်လျှင် လူဦးရေ ၄၀ ဖြင့် လက်ခံဆောင်ရွက်ပေးလျက် ရှိပြီး အချက်အလက်များကို သိရှိ လိုပါက နေပြည်တော် ဖုန်းနံပါတ် ၀၆၇-၃၄၀၅၀၉၉ နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် တိုင်းဒေသကြီး (ရန်ကုန် ၀ဖုန်းနံပါတ် ၀၁-၅၇၀၉၆၇၊ တိုင်းဒေသ ကြီးရုံးခွဲ (ရွာသာကြီး) ဖုန်းနံပါတ် ၀၁-၂၅၈၅၀၈၂ သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)