ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စေတနာထား၍ ဆောင်ရွက်ခြင်းကို “မူ” တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်

နေပြည်တော် မတ် ၈ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအခမ်း အနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် မူလလုပ်ငန်း တာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သလို ဆောင်ရွက်ဆဲနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ အထက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလိုသည့် ကိစ္စရပ်များ၊ ပံ့ပိုးဆောင်ရွက်လိုသည့်ကိစ္စရပ်များကို တင်ပြပေးစေလို ပါကြောင်း၊ မိမိတို့တာဝန်ယူနေသည့်ကာလအတွင်း ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှသာ အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်သောတိုင်းပြည်တစ်ခု တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကိုဗစ်-၁၉ ရောဂါ အသိပညာပေး အချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များကို တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို အကြံပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အထွေထွေဆွေးနွေးတင်ပြချက် များနှင့် စပ်လျဉ်း၍ တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားမှုနှင့်ပတ်သက်၍ ဒေသခံ များအား ဦးစားပေးခန့်ထားရေးနှင့် လစာတိုးမြှင့်ခံစားခွင့်ပြုရေး၊ မှတ်ပုံတင်လျှောက်ထားရာတွင် မျိုးနွယ်စုအမှန်ဖြစ်စေရေး၊ တိုင်းရင်း သားများ၏ နေ့ထူးနေ့မြတ်များ ဖော်ထုတ်ကျင်းပနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ကြီးဌာနတွင် သုတေသနဌာနခွဲ သီးသန့်ထားရှိနိုင်ရေးနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စေတနာထား၍ ဆောင်ရွက်ခြင်းကို “မူ” တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ သတင်းစဉ်