
ဝန်းသို ဇန်နဝါရီ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရန်နှင့် ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဂွေးကုန်းကျေးရွာတွင် အရှည်ပေ ၂၀ ရှိ သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောက်ရိုးစီကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ကို ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တံတားအရှည်မှာ ပေ ၂၀၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၀ ပေ ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ရွာလေးက ကုန်းတွင်းပိတ်ကျေးရွာ ဖြစ်ပါတယ်။ကျေးရွာပြည်သူတွေအနေနဲ့ အခုသစ်သားတံတားကို နေ့စဉ်အသုံးပြုဖြတ်သန်းသွားလာနေရတဲ့အတွက် အသုံးပြုတာများတော့ နှစ်စဉ်အမြဲ တမ်းလိုလို ပြုပြင်နေရတယ်။ အဲဒါကြောင့် ကျေးရွာရဲ့ပကတိလိုအပ်ချက် ဖြစ်တဲ့ သစ်သားတံတားကို VDP စီမံကိန်းရန်ပုံငွေနဲ့ ကွန်ကရစ်တံတား အဖြစ် အဆင့်မြှင့်တင်ဖို့ ရွေးချယ်အတည်ပြုဆောင်ရွက်ခြင်းဖြစ်ပါ တယ်”ဟု ကျေးရွာတာဝန်ခံ ဦးစံထွန်းက ပြောသည်။
အဆိုပါကျေးရွာ ကွန်ကရစ်တံတား အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး ပါက အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ ၂၀၉ ဦးအတွက် ရာသီမရွေး အခက် အခဲမရှိ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင်လည်း အကျိုးပြုနိုင်တော့မည်ဖြစ် ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)