
နေပြည်တော် အောက်တိုဘာ ၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ်၊ (၃/၂၀၂၀)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၀ခုမှ ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေစာမေးပွဲကို ဇွန်၂၆ နှင့် ၂၇ ရက်တို့တွင် စာစစ်ဌာန ငါးခု၌ ကျင်းပခဲ့ရာ ဖြေဆိုသူ ၈၁၄ ဦးမှ ရေးဖြေအောင်မြင်သူ ၂၅၀တို့အား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သုံးနေရာခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေး စည်းကမ်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
ရှေးဦးစွာ နေပြည်တော်တွင် ရေးဖြေအောင်မြင် သူ ၁၀၅ ဦးတို့အား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်နှင့် ၄ ရက် တို့တွင် စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်း အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာယီရပ်နားထားခဲ့ရ သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူး နေရာများအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်မှုမရှိစေရေးအလေးထားပြီး ကိုဗစ်စည်းကမ်း များနှင့်အညီ ပြန်လည်၍ ဆောင်ရွက်ပေးလျက်ရှိ သည်။ အလားတူ ရေးဖြေအောင်မြင်သူ ၆၃ ဦးတို့ကို မန္တလေးမြို့တွင် အောက်တိုဘာ ၅ ရက်မှ ၈ရက် အထိလည်းကောင်း၊ ၈၂ ဦးကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိလည်း ကောင်း စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း များကို ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့စစ်ဆေးရေး ဘုတ်အဖွဲ့အလိုက် နေရာခွဲ၍ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်