ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ” မြို့အား “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲပြင်ဆင်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁


ကချင်ပြည်နယ်  မြစ်ကြီးနားခရိုင်   ဝိုင်းမော်မြို့ နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို   ပြည်ထဲရေး ဝန်ကြီးဌာန၏  ၂၀၂၃  ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့်    “ကံပိုင် တည်”  မြို့အဖြစ်  အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်း ခဲ့သည်။

 


ကန်ပိုက်တီမြို့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်မြို့တစ်မြို့ ဖြစ်ပြီး                  
တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက် မှ     တရုတ်ဘာသာစကားဖြင့်      အဓိပ္ပာယ်ဖွင့်ဆိုရာတွင်     “ကန်း ပိုင်တီ”၊ “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်= ပျက်စီးခြင်း၊   တီ=နေရာ”ဟု အဓိပ္ပာယ်      ဖွင့်ဆိုထားသဖြင့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပါ  “ကံ=ကံကောင်းခြင်း၊  ပိုင်= ပြည်ထောင်စုက   ပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊    တည်တံ့ ခြင်း၊      တည်ရှိခြင်း”ဟူသော ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည့် “ကံပိုင်တည်” ဟူသော အမည်အား မြန်မာနိုင်ငံတစ်ဝန်း တစ်ပြေးညီသုံးစွဲနိုင်စေရန် မြို့နေ ပြည်သူလူထုများ၊ မြို့မိမြို့ဖများ၏ သဘောထားများဖြင့် ကချင်အထူး ဒေသ(၁)   ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း က ကချင်ပြည်နယ်   အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏    သဘောထား ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြ ခဲ့မှုအပေါ် လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ကာ ယခုကဲ့သို့   အမည်ပြောင်းလဲ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

 


“ကံပိုင်တည်”    မြို့သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် ရေးစခန်း   တည်ရှိသောကြောင့် မကြာမီကာလတွင် ပြည်ထောင်စု ၏ ဖွံ့ဖြိုးတိုးတက်သော နယ်စပ် မြို့တစ်မြို့အဖြစ်    မြင်တွေ့ကြ ရတော့မည်ဖြစ်သည်။

 


ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်  ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏   ၂၀၁၁  ခုနှစ် ဇန်နဝါရီ(၁၂)    ရက်စွဲပါ  အမိန့် ကြော်ငြာစာဖြင့်      ရပ်ကွက် သုံးရပ်ကွက်ဖြင့်     ဖွဲ့စည်းခဲ့ပြီး မြို့တစ်မြို့၊   ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာ ၃၀ တို့ဖြင့် ကန်ပိုက်တီမြို့နယ်ခွဲ အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

 


၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်နှင့် အညီဖြစ်စေရန် မြို့နယ်ခွဲစကား ရပ်အားပယ်ဖျက်၍   ပြည်ထဲရေး ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ မေ ၂၂ ရက်တွင် “မြို့”အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သဖြင့် “ကန်ပိုက်တီမြို့” အဖြစ် တည်ရှိလာခဲ့သည်။

 


ကန်ပိုက်တီမြို့သည် ယခင်က ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာအုပ်စုအတွင်းပါဝင်သော ကျေးရွာ ငယ်တစ်ခုဖြစ်ခဲ့ပြီး   ပင်လယ်ရေ မျက်နှာပြင်အထက် ၆၅၃၄ ပေ တွင်   တည်ရှိကာ  မြို့ဧရိယာမှာ ၂၀၈   ဒသမ   ၅၉  စတုရန်းမိုင် ကျယ်ဝန်းကြောင်း သိရသည်။ 


သတင်းစဉ်