ဝေါ ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မိုးနက်ကျေးရွာ အုပ်စု မဝါတဲစုကျေးရွာတွင် ဇွန် ၈ ရက် ည ၁၀ နာရီခန့်နှင့် ဘုရားပျိုကျေးရွာအုပ်စု ကမာ ကဘန်ကျေးရွာတွင် ဇွန် ၉ ရက် နံနက် ၉ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် လူနေအိမ်များ ပြိုကျပျက်စီးကာ သစ်ပင်များ လဲပြိုခဲ့ကြောင်း သိရသည်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဝါတဲစုကျေးရွာတွင် အိမ်ခြောက်လုံး အမိုး လန်/ပြိုကျ ပျက်စီးခဲ့ပြီး ကုက္ကိုပင်ကြီး ငါးပင် ပြိုလဲပျက်စီးခဲ့ကြောင်း၊ ကမာကဘန် ကျေးရွာတွင် အိမ် ၁၀ လုံး အမိုးလန်/ပြိုကျ ပျက်စီးခဲ့ကြောင်း၊ နေအိမ်ပြိုကျမှုနှင့် သစ်ပင် လဲကျမှုများကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူများအနေ ဖြင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်ခဲ့ သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်း ထွန်းနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်း၍ သစ်ပင်များရှင်းလင်းပေးခြင်း၊ လူနေအိမ်များ ကူညီရှင်းလင်းခြင်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)



