
နေပြည်တော် ဇူလိုင် ၂၀
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆို လပြည့် ဓမ္မစကြာအခါတော်နေ့ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရား စေတီများ၌ ပြည်သူများ ဝါဆိုသင်္ကန်းနှင့်ဝါဆိုပန်းများ ကပ်လှူပူဇော် ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာ ပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား စေတီပုထိုး များ၌လည်း ဗုဒ္ဓဘာသာအစဉ်အလာနှင့် အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ ပြည်သူများဖြင့် စည်ကားခဲ့သည်။
နံနက်ပိုင်းမှ စတင်၍ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါ ပွားများစွာဖြင့် လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည့် အပြင် (အပေါ်ယာပုံ) ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထား သည့် ဂန္ဓကုဋိတိုက်များအတွင်း၌ စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှု ကြသည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် ဘုရားဖူးလာပြည်သူ များသည် အံ့မခန်းဗိသုကာ လက်ရာများဖြင့် တည်ဆောက် ပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦ များကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြကာ ရုပ်ပွား တော်မြတ်ကြီး ပရိဝုဏ်တော် အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ စနစ်တကျတည်ဆောက် ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်း အသေး နေရာများ၌လည်း မိသားစုအလိုက်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့ လိုက်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရ ဓာတ်ပုံရိုက်နေကြ သည့် မြင်ကွင်းကိုလည်း ကြည်နူး ဖွယ်ရာတွေ့မြင်ရသည်။
အလားတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌လည်း ဝါဆို ရွှေကြာသင်္ကန်းကပ်လှူခြင်း အခမ်း အနားကို ကျင်းပခဲ့ရာ စိတ်အေးချမ်း သာစွာဖြင့် ပါဝင်ကုသိုလ်ယူပြီး သီတင်းသီလ ဆောက်တည်ကြ သည့် နေပြည်တော်နှင့်ပတ်ဝန်း ကျင်မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာ ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာ ပြည်သူများဖြင့် စည်ကားခဲ့ ပြီး ညနေပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ပွဲကိုလည်း ကျင်းပ ခဲ့ကြသည်။
ထို့ပြင် နေပြည်တော်ရှိ လက်လုပ်တောင် ရွှေနန်းသွင်း စေတီတော်၊ ရွှေလွမ်းတောင် စေတီတော်၊ နေရောင်ပြအင်း စေတီတော်၊ ဒက္ခိဏသီရိမြို့နယ် ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမနား ဘုရား ကိုးဆူစေတီတော်၊ စူဠာမုနိ စေတီတော်၊ ဆုတောင်းရ ဆုတောင်းပြည့် စေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄)ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများ နှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူး များဖြင့် စည်ကားခဲ့ပြီး ဝါဆို သင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူ ခြင်း၊ ဥပုသ်သီလ ဆောက်တည် ခြင်း၊ တရားဘာဝနာ ပွားများခြင်း တို့ဖြင့် ပြည်သူများ ကုသိုလ် ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
ထို့အတူ ဝါဆိုလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက်လည်း ဖြစ်သည့်အတွက် နေပြည်တော် အတွင်း အပန်းဖြေအနားယူရာ နေရာများ၌လည်း လွတ်လပ် ပေါ့ပါးပျော်ရွှင်စွာ အနားယူ အပန်းဖြေကြသည့် ပြည်သူများ ဖြင့်လည်း စည်ကားခဲ့သည်။
ဝါဆိုလပြည့်နေ့သည် ဘုရား အလောင်းတော် တုသိတာနတ်ပြည် မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တော ထွက်တော်မူသောနေ့၊ ဘုရားဖြစ် တော်မူပြီး ဓမ္မစကြာတရားဦး ကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင် ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသော နေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူ သောနေ့၊ တရားရတနာ စတင် ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင် ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရ သောနေ့ဖြစ်သည့်အတွက် ထူးခြား လှသည့် ဂုဏ်အင်များနှင့် ပြည့်စုံ သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း လည်း သိရသည်။
သတင်းစဉ်