နေပြည်တော် ဇွန် ၃၀
ဇူလိုင် ၂ ရက်တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ ဝါးအသက်မွေးဝမ်းကျောင်းပညာ သင်တန်းဖွင့်ပွဲနှင့် ဝါးကုန်ထုတ်ပစ္စည်းပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ဝန်ပြန်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က နေပြည်တော်သည် ဝါးပေါများသော ဒေသဖြစ်ပြီး ဝါးကို အကျိုးရှိရှိ အသုံးချတတ်ရန် လိုအပ်ကြောင်း၊ သစ်ပင်သစ်တောများ မပြုန်းတီးစေရေးအတွက် ဝါးကို အစားထိုးသုံးစွဲမည်ဆိုပါက ဒေသနှင့် ဂေဟ စနစ် မပျက်ယွင်းစေရေးကို များစွာအထောက်အကူ ပြုကြောင်း၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေသည်အထိ ဆောင်ရွက်နိုင်မည် ဖြစ်၍ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားပြီး နိုင်ငံခြား ဝင်ငွေ ရှာဖွေနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အတန်းပညာ ဆက်လက်သင်ကြားနိုင်ခြင်းမရှိသော အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူများကို သမဝါယမသင်တန်းကျောင်းများတွင် စာရင်းရေး၊ စာရင်းကိုင်နှင့် အသက်မွေးဝမ်းကျောင်းပညာများကို နေရေး၊ စားရေး တာဝန်ယူကာ အခမဲ့သင်ကြားပေး နေကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ တတ်ကျွမ်းထားသည့်ပညာနှင့် မိမိတို့၏ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်နိုင်ခြင်း၊ မိမိတို့မြို့ရွာ ပြန်ရောက်သည့်အခါ ဒေသခံများကို ဝါးပညာပြန့်ပွားရေး ထပ်ဆင့်သင်ကြားပေးခြင်း၊ ဝါးတောများ မပြုန်းတီးစေရေး စနစ်တကျ ခုတ်ယူ သုံးစွဲနိုင်အောင် အသိပညာဖြန့်ဝေ ဆွေးနွေး ဟောပြောခြင်းတို့ကို လက်လှမ်းမီသလောက် ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမ အသင်းလီမိတက်၏ အသင်းဥက္ကဋ္ဌက အသင်း ဖွဲ့စည်းပုံအဆင့်ဆင့်၊ ရည်ရွယ်ချက်၊ ဆောင်ရွက်နေဆဲ လုပ်ငန်းအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ သင်တန်း သားတစ်ဦးက ဝါးဖြင့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းမှ သင်ကြားပေးသောပညာများကို သင်တန်း၏ “တတ်အောင်သင်၊ ဖြစ်အောင်လုပ်၊ ဈေးကွက်အတူရှာကြစို့” ဆောင်ပုဒ်အသစ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြ သည်။ ယခုသင်တန်းကို ဒေသစုံမှ သင်တန်းသား/သင်တန်းသူ ၃၀ ဖြင့် သင်တန်းကာလ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ ဝါးဖြင့်ပြုလုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြပြီး သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



