Viber တွင် အသေးစားစီးပွားရေးလုပ်ငန်းများအတွက်အသုံးဝင်မည့် ဝန်ဆောင်မှုများတိုးချဲ့ 

 

 

ရန်ကုန် အောက်တိုဘာ ၁၉


ပြည်တွင်း၌  အသုံးအများဆုံး  မက်ဆင်ဂျာအက်ပလီကေးရှင်းတစ်ခု ဖြစ်သော Viber တွင် မေးမြန်းမှုများကို အချိန်မရွေး အလိုအလျောက် ဖြေကြားပေးနိုင်မည့် Chatbot နှင့် အဖွဲ့အစည်းများ ချိတ်ဆက်နိုင်သည့် Communities အပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်မည့် လုပ်ဆောင်ချက်များကို တိုးချဲ့ထားကြောင်း Viber မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Chatbot ဝန်ဆောင်မှုမှာ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဝယ်ယူ အားပေးသူများ သိလိုမည့် မေးခွန်းများနှင့် အဖြေများကို အသေးစိတ် ကြိုတင်ပြင်ဆင်ထားပြီး ဝယ်ယူအားပေးသူများက Viber မှတစ်ဆင့် မေးခွန်းများရွေးချယ်ပါက အဖြေများကို အချိန်မရွေး အလိုအလျောက် ဖြေကြားပေးနိုင်မည့် ဝန်ဆောင်မှုဖြစ်သည်။  ကိုဗစ်-၁၉ ကြောင့် စီးပွားရေး လုပ်ငန်းများအနေဖြင့် အွန်လိုင်းကိုအသုံးပြု၍ ရောင်းဝယ်မှုများလာ ချိန်တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းငယ်အများစု သုံးနေသော Viber ၌ Chatbot ပါဝင်လာခြင်းကြောင့်  စီးပွားရေးလုပ်ငန်းငယ်များ အတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ 
Communities ဝန်ဆောင်မှုမှာ အမျိုးအစားတူသော အဖွဲ့အစည်း များ၊ အုပ်စုများအကြား လွယ်ကူအဆင်ပြေစွာ ချိတ်ဆက်နိုင်စေမည့် ဝန်ဆောင်မှုဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကွန်မြူနတီ များတွင် ချိတ်ဆက်ထားခြင်းဖြင့် အလုပ်ခေါ်စာများကို အလွယ်တကူ သိနိုင်မည်ဖြစ်သလို ငွေလဲလှယ်နှုန်းဆိုင်ရာ ကွန်မြူနတီများတွင် ပါဝင် ထားပါက ငွေလဲကောင်တာများ၏ နေ့စဉ်ငွေလဲလှယ်သည့် ဈေးနှုန်း များကို သိနိုင်မည်ဖြစ်သည်။ 
ထို့အပြင် သာမန်အသုံးပြုသူအချင်းချင်းကြား Viber မှချိတ်ဆက် ပြောဆိုမှုများတွင် ပို၍ လုံခြုံစိတ်ချရစေမည့်  ဝန်ဆောင်မှုများအဖြစ် Disappearing Messages, Hidden Chats, Pinned Message, Edit and Delete Messages for All စသည်တို့ကိုလည်း တိုးချဲ့ထားသည်။ Disappearing Messages သည် စာကို အချိန်သတ်မှတ်၍ ပေးပို့နိုင်ခြင်း ဖြစ်ပြီး  သတ်မှတ်သည့်အချိန်ပြည့်ပါက  နှစ်ဖက်စလုံးတွင်   စာကို မမြင်ရစေရန်  ဖျက်ပေးသည့်  လုပ်ဆောင်ချက်ဖြစ်သည်။  Hidden Chats မှာ မိမိတို့၏ Viber အက်ပလီကေးရှင်းထဲတွင် အများမမြင်စေလို သည့် ပြောဆိုမှုများကို ဖျောက်ဖျက်ထားနိုင်သော လုပ်ဆောင်ချက်ဖြစ် သည်။ Pinned Message မှာ အရေးကြီးသောပြောဆိုမှုများ၊ အများဆုံး ဆက်သွယ်နေရသူများအား ဆက်သွယ်ပြောဆိုထားသည့်စာရင်းတွင် ထိပ်ဆုံးနေရာ၌ မှတ်သားထားနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ Edit and Delete Messages for All မှာ မှားယွင်း ပေးပို့လိုက်မိသော စာတစ်ခုခုကို ပြန်ပြင်ခြင်း၊ ဖျက်ပစ်ခြင်းများ လုပ်နိုင်သော လုပ်ဆောင် ချက်ဖြစ်သည်။
Viber အက်ပလီကေးရှင်းသည် End to end encryption စနစ်ကို သုံးထားသဖြင့်  Viber  မှတစ်ဆင့်  စာပို့ပြောဆိုမှုများကို  စာပို့သူနှင့် လက်ခံသူမှလွဲ၍ Viber မှဝန်ထမ်းများအပါအဝင် မည်သူမျှ ကြားဖြတ် ကြည့်ရှုခြင်းမပြုနိုင်ဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သောကြောင့် နိုင်ငံ တကာတွင်ရော၊ မြန်မာနိုင်ငံတွင်ပါ ကျယ်ပြန့်စွာ အသုံးပြုနေကြသော မက်ဆင်ဂျာအက်ပလီကေးရှင်းတစ်ခုဖြစ်သည်။                      ကိုစိုး