
နေပြည်တော် ဇူလိုင် ၁
ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုကို လျှော့ချနိုင်ရေး၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာ အတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်လူထု၏စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်း နိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄- ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက် အိမ်ထောင်စုများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့်ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြစိမ်းရောင်(ငါးကဏ္ဍ)အတွက် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ငန်းစပ်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် မတည်ရင်းနှီးငွေကျပ်သိန်း ၃၀၀ ကို နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးမှူး ဒေါ်ညိုညိုအေးက ငန်းစပ် ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၈ ရက်က နေပြည်တော်တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌ ကျင်းပကြောင်း သိရသည်။
သတင်းစဉ်