
ယန်ယန်
နိဒါန်း
ဂျော်ဒန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် တည်ရှိပြီး အရှေ့ဘက်နှင့် တောင်ဘက်တွင် ဆော်ဒီ အာရေဗျ၊ အရှေ့မြောက်ဘက်တွင် အီရတ်၊ မြောက်ဘက်တွင် ဆီးရီးယား၊ အနောက်ဘက်တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ စုစုပေါင်းဧရိယာစတုရန်း ကီလိုမီတာ ၈၉၃၄၁ (၃၄၄၉၅ စတုရန်းမိုင်)ကျယ်ဝန်းပြီး မြို့တော်အမ္မန်(Amman)မှာ ဂျော်ဒန် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအချက်အချာကျသော မြို့လည်းဖြစ် သည်။ အာရပ်နိုင်ငံများထဲမှ ၁၁ခု မြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၁ သန်းကျော်မှာ အမ္မန် (Amman) မြို့တော်တွင် နေထိုင်ကြသည်။ ဘုရင်မှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့် ပြည်နယ် ၁၂ ပြည်နယ်နှင့် ယင်းအောက်တွင် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်၊ မြို့၊ ရွာများဖြင့် ဖွဲ့စည်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျော်ဒန်နိုင်ငံသည် စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးသည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ဘုရင်ထံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစသည့် အာဏာ(၃)ရပ်ရှိသည်။ ဘုရင်သည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ခန့်အပ်တာဝန်ပေးအပ်နိုင်ပြီး ၎င်း ခန့်အပ်ထားသောအစိုးရမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍မူဝါဒများကို ရေးဆွဲပြဋ္ဌာန်းသည်။
အုပ်ချုပ်ရေး
ဂျော်ဒန်နိုင်ငံသည် စည်းမျဉ်းခံဘုရင်အုပ်ချုပ် သော နိုင်ငံဖြစ်သည့်အတွက် အုပ်ချုပ်ရေးအာဏာ မှာ ဘုရင်ထံတွင်ရှိသည်။ ဘုရင်သည် နိုင်ငံအကြီး အကဲဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လည်းဖြစ်သည်။ ဘုရင်မှ စစ်နှင့် ငြိမ်းချမ်းရေးကို ကြေညာနိုင်ပြီး ဥပဒေနှင့် စာချုပ်စာတမ်းများကို အတည်ပြုခြင်း၊ လွှတ်တော်အစည်းအဝေးများကို ခေါ်ယူခြင်း၊ ရပ်စဲခြင်း၊ ရွေးကောက်ပွဲများ ကျင်းပ ခြင်းနှင့် ရွှေ့ဆိုင်းခြင်း၊ အစိုးရကို ဖြုတ်ချခြင်းနှင့် လွှတ်တော်ကိုဖျက်သိမ်းခြင်းတို့ ပြုနိုင်သည်။ ဘုရင် သည် ဝန်ကြီးချုပ်အား ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး ဝန်ကြီးချုပ်၏ထောက်ခံချက်ဖြင့် ဝန်ကြီးများအား ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်သည်။ အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း ခန့်အပ်ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်း ပြုနိုင်သည်။
တရားစီရင်ရေး
တရားရုံးများသည် မည်သည့်အာဏာမှ လွှမ်းမိုး မှုမရှိသော လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ တရားမတရားသူကြီးနှင့် ရှရီယာတရား သူကြီးများ (Judges of the Civil and Sharia Courts)ကို ဘုရင်မှ ခန့်အပ်နိုင်သလို ရာထူးမှလည်း ထုတ်ပယ်နိုင်သည်။ တရားရုံးများကို တရားမ တရားရုံး (Civil Court)၊ ဘာသာရေးတရားရုံး (Religious Court)နှင့် အထူးတရားရုံး (Special Court)ဟူ၍ သုံးမျိုး ခွဲခြားထားပါသည်။ တရားမ တရားရုံးတွင် တရားမမှုနှင့် အစိုးရဆန့်ကျင်သောအမှုကိစ္စများပါဝင်သည့် ရာဇဝတ်မှုများကို ကိုင်တွယ် သည်။ တရားမတရားရုံးတွင် ရာဇဝတ်တရားရုံး၊ ရှေ့ဆောင်တရားရုံး၊ အယူခံတရားရုံး၊ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များကိုကြားနာသည့် အုပ်ချုပ်မှု ဆိုင်ရာတရားရုံးနှင့် ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့ ပါဝင် သည်။
ဥပဒေပြုရေး
ဂျော်ဒန်နိုင်ငံတွင် အထက်လွှတ်တော်(Senate) နှင့် အောက်လွှတ်တော် (The House of Represen-tatives) ဟူ၍လွှတ်တော်နှစ်ရပ်ရှိပါသည်။ အထက် လွှတ်တော်(Senate)ကို ဘုရင်မှ ခန့်အပ်ပြီး အောက်လွှတ်တော် (The House of Representa-tives) ရွေးကောက်ပွဲများကို လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် (Independent Election Commission- (IEC) မှ လေးနှစ်လျှင် တစ်ကြိမ် ကျင်းပ ပြုလုပ်ပါသည်။ ဘုရင်သည် လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိသောကြောင့် အောက်လွှတ်တော် အား ဘုရင်မှဖျက်သိမ်းခဲ့ပါက အထက်လွှတ်တော်၏ ကဏ္ဍသည်လည်း ခေတ္တရပ်ဆိုင်းထားရမည် ဖြစ် သည်။
ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲအမျိုးအစားနှင့် ရွေးကောက်ပွဲများ
ဂျော်ဒန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများ၊ မြူနီစီပယ် ရွေးကောက်ပွဲများနှင့် ဒေသန္တရ ရွေးကောက်ပွဲများကို လေးနှစ်တစ်ကြိမ် ကျင်းပ သည်။ ဂျော်ဒန်နိုင်ငံတွင် လွှတ်တော်နှစ်ရပ်ရှိပြီး အထက်လွှတ်တော်အား ဘုရင်မှတိုက်ရိုက်ခန့်အပ်၍ အောက်လွှတ်တော်အား PR စနစ်ဖြင့် ရွေးကောက် တင်မြှောက်ကြသည်။ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင် (Independent Election Commission-IEC)ကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယင်း ကော်မရှင်မှ ၂၀၁၃ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ် ကျင်းပပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် လွှတ်တော် ရွေးကောက်ပွဲသည် (၁၉) ကြိမ်မြောက် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ ဖြစ်သည်။ ၁၉၈၉-၁၉၉၃ ခုနှစ်ထိ လွှတ်တော်ရွေးကောက်ပွဲများကို Block Vote (Plurality/ Majority) စနစ်ဖြင့် လည်းကောင်း၊ ၁၉၉၃-၂၀၁၃ ခုနှစ်အထိ လွှတ်တော်ရွေးကောက်ပွဲ များကို လွှဲပြောင်း၍ မရသောတစ်မဲတည်းပေးစနစ် (Single Non-transferable Vote System) ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် လွှတ်တော် ရွေးကောက်ပွဲများကို ပူးတွဲစနစ် (စနစ်ရော) Parallel (mixed) (Single Non-transferable Vote System and Proportional Representation Closed-list System) ဖြင့် လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲစနစ် တစ်ခုဖြစ်သော စာရင်းဖွင့် အချိုးကျကိုယ်စားပြုစနစ် (Open-list Proportional Representation System)သို့ ပြောင်းလဲ ပြင်ဆင်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများကို ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ဖြင့် ကျင်းပခဲ့သည်။
ကောင်စီတစ်ခုစီတွင် အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်း ထားပြီး အနည်းဆုံး အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ပါဝင်ဖွဲ့စည်းရမည်။
မြို့နယ် ၁၀၀ ရှိသည့်အနက် ဒေသန္တရကောင်စီ ၃၅၅ ခုရှိသောမြို့နယ် ၈၂ ခုနှင့် ဒေသန္တရကောင်စီမရှိသည့် မြို့နယ် ၁၈ ခုဟူ၍ ဖွဲ့စည်းထားပြီး မြို့နယ်နှင့် ဒေသန္တရကောင်စီအဖွဲ့ဝင် စုစုပေါင်း ၁၈၃၈ ဦးရှိသည်။ မြို့နယ်တစ်ခုစီအတွက် မြို့တော်ဝန်များကို တိုက်ရိုက်ခန့်အပ်နိုင်သည်။ ပြည်နယ် ၁၂ ခုတွင် မဲဆန္ဒနယ် ၁၅၈ နယ် ခွဲခြား သတ်မှတ်ထား ပြီး ၈၅ ရာခိုင်နှုန်းအား ရွေးကောက် တင်မြှောက်၍ ၁၅ ရာခိုင်နှုန်းအား အစိုးရမှ ခန့်အပ်သည်။ ရွေးကောက်တင်မြှောက်ခံရသော ဒေသန္တရကောင်စီဝင် ၈၅ ရာခိုင်နှုန်း၌ အမျိုးသမီး ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်သည်။ ဂျော်ဒန်နိုင်ငံ၏ နောင်ကျင်းပမည့် ဒေသန္တရ ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်သည်။
အထက်လွှတ်တော် (Senate)
လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် အထက်လွှတ်တော် ၏ အမတ်နေရာစုစုပေါင်းအရေအတွက်မှာ အောက် လွှတ်တော်ရှိ စုစုပေါင်းအမတ်နေရာ၏ တစ်ဝက် ထက် မကျော်လွန်စေရပါ။ အထက်လွှတ်တော်တွင် အမတ်နေရာ ၆၅ နေရာရှိပြီး ထင်ပေါ်ကျော်ကြား သည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်နှင့် နိုင်ငံရေး တာဝန်များ ရေရှည်ထမ်းဆောင်ဖူးသူများကို ဘုရင် မှ ရွေးချယ်ခန့်ထားနိုင်သည်။ အထက်လွှတ်တော် အမတ်များသည် အသက် ၄၀ နှစ် ပြည့်ပြီးသူ ဖြစ်ရ မည့်အပြင် မည်သည့်နိုင်ငံရေးပါတီဝင် မဟုတ်သူ ဖြစ်ရမည်။ အထက်လွှတ်တော် (Senate)၏ သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး ဘုရင်မှ သက်တမ်း တိုးနိုင်သည်။ အောက်လွှတ်တော် (The House of Representatives) အား ဖျက်သိမ်းလိုက်ပါက အထက်လွှတ်တော်(Senate) ၏ လုပ်ငန်းဆောင် ရွက်မှုများ သည်လည်း ခေတ္တရပ်ဆိုင်းထားရမည် ဖြစ်သည်။ အထွေထွေမူဝါဒများနှင့် ပတ်သက်၍ အထက် လွှတ်တော် (Senate)မှ အောက်လွှတ်တော် (The House of Representatives)အား အကြံပြု နိုင်ပြီး ယင်းလွှတ်တော်နှစ်ရပ်သည် ဘုရင်၏ အာဏာကို အပြန်အလှန် ထိန်းကျောင်းနိုင်သည်။
အောက်လွှတ်တော် (The House of
Representatives)
ဂျော်ဒန်နိုင်ငံ၏ အောက်လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံသားများမှ တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်ပြီး ကိုယ်စားလှယ် လောင်းများ၏ အသက်ကန့်သတ်ချက်မှာ ၃၀ နှစ် ဖြစ်သည်။ အောက်လွှတ်တော်၏ သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး ဘုရင်သည် အောက်လွှတ်တော်၏ သက်တမ်းကို အနည်းဆုံးတစ်နှစ်၊ အများဆုံးနှစ်နှစ် အထိ သက်တမ်းတိုးနိုင်သည်။ ဂျော်ဒန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပ ခဲ့သော (၁၉ )ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲ ရလဒ်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အောက်လွှတ်တော် (The House of Represen-tatives) သည် အစိုးရအဖွဲ့မှ အဆိုပြု တင်ပြလာ သော ဥပဒေများကို ထောက်ခံခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ပြုနိုင်သည့် အခွင့်အရေး ရှိသည်။ သို့သော်ငြားလည်း အောက်လွှတ်တော်သည် ဥပဒေများကို စတင်ရေးဆွဲနိုင်မှုမှာ အကန့်အသတ် ရှိပြီး အထက်လွှတ်တော်၏ သဘောတူညီချက်ရရှိ မှသာလျှင် ဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။
မဲပေးပိုင်ခွင့်ရှိသူများ
ဂျော်ဒန်နိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။ လူမွဲအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများ၊ စိတ်ပေါ့သွပ် နေသူများသည် မဲပေးပိုင်ခွင့်မရှိပါ။ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တာဝန် ထမ်းဆောင်နေချိန်အတွင်း မဲပေးပိုင်ခွင့်မရှိပါ။ မဲဆန္ဒရှင်များသည် မိမိနေထိုင်ရာ မဲဆန္ဒနယ် သို့မဟုတ် ဖခင် သို့မဟုတ် အဘိုးမွေးဖွားရာဇာတိ တွင်သာ မဲပေးခွင့်ရှိသည်။
မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲစနစ်မရှိခြင်းနှင့် မဲရုံသို့ မဲဆန္ဒရှင်ကိုယ်တိုင် သွားရောက်မဲပေးရခြင်းတို့ ကြောင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင် များသည် မဲပေးပိုင်ခွင့် မရှိပါ။
မဲဆန္ဒရှင်စာရင်းပြုစုခြင်း
ဂျော်ဒန်နိုင်ငံတွင် မဲဆန္ဒရှင်စာရင်းများကို IEC ၏ညွှန်ကြားချက်အရ Civil Status Department (CSD) က ပြုစုရသည်။ မဲဆန္ဒရှင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်၏ ပြဋ္ဌာန်းချက်များနှင့် အညီ မဲဆန္ဒနယ်အလိုက်ပြုစု၍ ထုတ်ပြန်ကြေညာ ပြီး မဲဆန္ဒရှင်ပြည်သူများသည် မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းမှလည်း ကြည့်ရှုနိုင်သည်။ မဲဆန္ဒရှင်သည် မိမိကိုယ်တိုင် သို့မဟုတ် အခြားမဲဆန္ဒရှင်တစ်ဦးဦး အား ကန့်ကွက်ခြင်းများ ပြုလုပ်နိုင်သည်။ မဲစာရင်း တွင် မိမိအမည်မပါဝင်ခြင်း၊ အချက်အလက် မှားယွင်းခြင်း၊ နေရပ်လိပ်စာ ပြင်ဆင်ခြင်းတို့ကို မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ဆောင်ရွက် နိုင်သည်။ မဲစာရင်းတွင် ပါဝင်သည့် မည်သည့်မဲဆန္ဒရှင်မဆို မိမိမဲဆန္ဒနယ် အတွင်းရှိ အခြားမဲဆန္ဒရှင်တစ်ဦးဦးကို ကန့်ကွက် လိုပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့် နေ့မှစ၍ ၇ ရက်ထက် နောက်မကျစေဘဲ ကန့်ကွက် လွှာ တင်သွင်းနိုင်သည်။
မဲဆန္ဒနယ်သတ်မှတ်ခြင်း
လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မဲဆန္ဒနယ်တစ်ခုစီကို လူဦးရေအပေါ် အခြေမခံဘဲ အုပ်ချုပ်ရေးနယ်နိမိတ်ပေါ် မူတည်၍ သတ်မှတ် ထားခြင်းဖြစ်သည်။ ပါတီများမှ မဲဆန္ဒနယ်တစ်နယ် တွင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး တင်သွင်းခွင့်ရှိပြီး မဲဆန္ဒနယ်တစ်ခုစီအတွက် သတ်မှတ်အရေအတွက်ထက် ကျော်လွန်၍ တင်သွင်း ခွင့်မရှိပါ။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
မဲစာရင်းတွင်ပါဝင်၍ ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် အသက် ၃၀ နှစ်ပြည့်ပြီးသူဖြစ်ပြီး အနည်း ဆုံး ၁၀ နှစ် ဂျော်ဒန်နိုင်ငံတွင် အခြေချနေထိုင်သူများ သည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းအား ခရိုင် ရွေးကောက်ပွဲကော်မတီ (District Election Committee- DEC)တွင် တင်သွင်းရပြီး နိုင်ငံတော် ဘဏ္ဍာအခွန်ငွေအဖြစ် ၅၀၀ ဒီနာ (dinar) (USD ၇၀၂ ဒသမ ၂၂) ပေးသွင်းရမည်ဖြစ်သည်။ လူမွဲအဖြစ် သတ်မှတ်ကြေညာထားခြင်းခံရသူများ၊ နိုင်ငံရေး ပြစ်မှု မဟုတ်ဘဲ တစ်နှစ်ထက်ပို၍ ထောင်ဒဏ်ကျခံ နေရသူနှင့် လွတ်ငြိမ်းချမ်းသာခွင့် မရရှိသေးသူ၊ စိတ်ပေါ့သွပ်နေသူများ၊ အထူးဥပဒေပြဋ္ဌာန်းချက်အရ ဘုရင်နှင့် ဆွေမျိုးတော်စပ်သူများ၊ အစိုးရဝန်ထမ်း များ၊ အစိုးရပိုင် သို့မဟုတ် အစိုးရမှ ထိန်းချုပ်ထား သောကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ (ခြွင်းချက်အနေဖြင့် အစိုးရပိုင်မြေ သို့မဟုတ် အစိုးရ ပိုင်အဆောက်အဦပေါ်တွင်ရှိသော ပုဂ္ဂလိကပိုင် ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ မပါဝင်ပါ) သည် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိပါ။ ထို့အပြင် ဝန်ကြီးများ၊ အစိုးရ ဝန်ထမ်းများ၊ မြို့တော်ဝန်များ၊ ကောင်စီဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်လိုပါက ရွေးကောက်ပွဲမကျင်းပမီ အနည်း ဆုံးရက်ပေါင်း ၆၀ အတွင်း လက်ရှိရာထူးတာဝန်မှ နုတ်ထွက်ရပါသည်။
မဲဆွယ်စည်းရုံးခြင်း
မဲဆွယ်စည်းရုံးခွင့်ကာလကို လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာသည့် နေ့မှစ၍ ရွေးကောက်ပွဲ မကျင်းပမီရက်အထိ သတ်မှတ်ထားသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်းကြေညာသည့်နေ့ရက်သည် အောက်တိုဘာ ၆ ရက်ဖြစ်သဖြင့် မဲဆွယ်စည်းရုံးရေးကာလမှာ အောက်တိုဘာ ၆ ရက်မှ နိုဝင်ဘာ ၉ ရက်နေ့အထိ ရက်ပေါင်း ၃၂ ရက်ဖြစ်သည်။ စည်းရုံးရေးကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာခြင်း၊ တိုင်းပြည်လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကြား ခွဲခြားဆက်ဆံခြင်း မပြုလုပ်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရသည်။ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင် သော အဆောက်အအုံများ၊ ကျောင်းများ စသည်တို့ တွင် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် တားမြစ် ထားသည်။
နိုင်ငံခြားတိုင်းပြည်တစ်ခုခု၊ နိုင်ငံခြား အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုတို့မှ ငွေကြေးလက်ခံခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်းများကိုလည်း တားမြစ်ထားသည်။ ထိုသို့သော တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ခဲ့ပါက ထောင်ဒဏ်အနည်းဆုံးသုံးလ၊ အများဆုံးတစ်နှစ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ၂၀၀ ဒီနာ (USD ၂၈၂ ဒသမ ၀၉)၊ အများဆုံး ၅၀၀ ဒီနာ (USD ၇၀၂ ဒသမ ၂၂) ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်သည်။
လွတ်လပ်သောရွေးကောက်ပွဲကော်မရှင်
(Independent Election Commission- IEC)
ဂျော်ဒန်နိုင်ငံ၏ လွတ်လပ်သောရွေးကောက်ပွဲ ကော်မရှင် (Independent Election Commission-IEC)ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး စုစုပေါင်းငါးဦး ဖြင့် ဖွဲ့စည်းထားပါသည်။ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အထက်လွှတ်တော်နှင့် အောက် လွှတ်တော်ဥက္ကဋ္ဌများ၊ တရားရေးကောင်စီဥက္ကဋ္ဌတို့ မှ အဖွဲ့ဝင်များအဖြစ်ပါဝင်သော ကော်မတီတစ်ခုမှ အမည်စာရင်းကို ဘုရင်ထံသို့ တင်သွင်းပြီးဘုရင်မှ ခန့်အပ်နိုင်သည်။
ကော်မရှင်၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်ပြီး လိုအပ်ပါက ဘုရင်မှ သက်တမ်းတိုးဆောင်ရွက် စေနိုင်သည်။ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဂျော်ဒန်နိုင်ငံတွင် အနည်းဆုံး ၁၀ နှစ် အခြေချ နေထိုင်သူဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူ၊ ဘွဲ့ရရှိသူ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ အသက် ၄၀ နှစ်ပြည့်ပြီးသူ၊ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အတွေ့ အကြုံရင့်ကျက်သူ၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အများယုံကြည်လေးစားသူ၊ အကျင့်စာရိတ္တဆိုင်ရာပြစ်မှုဖြင့်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းမခံရသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်။
ယခုလက်ရှိ IEC ကို ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လွတ်လပ်သည့် အဖွဲ့ အစည်းတစ်ရပ်ဖြစ်သော်လည်း ရန်ပုံငွေအား နိုင်ငံတော်မှရယူသုံးစွဲသည်။ အုပ်ချုပ်ရေးဌာနငါးခု ဖြင့် ဖွဲ့စည်းထားပြီး ယင်းအောက်တွင် ခရိုင် ရွေးကောက်ပွဲကော်မတီ ၂၃ ခုနှင့် ဌာနခွဲ ၄၄ ခု တို့ဖြင့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်း စင်တာ (Polling Centre) ၁၄၈၃ ခုအတွင်း တည်ရှိ သည့် သက်ဆိုင်ရာမဲရုံအသီးသီးအား စီမံခန့်ခွဲ နိုင်ရန် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းကော်မတီ (Polling and Counting Committee) ၈၀၆၁ ခုအထိ တိုးမြှင့်ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ IEC သည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများနှင့် အခြားအထွေထွေရွေးကောက် ပွဲများကို ကျင်းပပေးရပြီး ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် ကော်မရှင်သည် ၂၀၁၃ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်လွှတ်တော်ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
(၁၉)ကြိမ်မြောက်လွှတ်တော်ရွေးကောက်ပွဲ
ဂျော်ဒန်နိုင်ငံသည် ၁၉၄၆ ခုနှစ်တွင် လွတ်လပ် ရေးရရှိခဲ့ပြီး ၁၉၂၉ ခုနှစ်မှစ၍ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပလာရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် (၁၉) ကြိမ်မြောက်ဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၄၆၄၀၆၄၃ ဦးရှိသည့်အနက် မဲဆန္ဒရှင် ၁၃၈၇၇၁၁ ဦးမဲပေးခဲ့ရာ မဲပေးမှုရာခိုင်နှုန်းမှာ ၂၉ ဒသမ ၉၀ ရာခိုင်နှုန်းဖြစ် သည်။ အောက်လွှတ်တော် (The House of Repre-sentatives)အတွက် မဲဆန္ဒနယ် ၂၃ နယ်တွင် အမတ် နေရာ ၁၃၀ ရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ် အတွက် ၁၅ နေရာ၊ ခရစ်ယာန်ဘာသာဝင် (Christian) လူမျိုးစုအတွက် သုံးနေရာနှင့် ချေချင်း နှင့် ဆာကာရှန် (Chechen and Circassian) လူမျိုးစု အတွက် ကိုးနေရာ တို့ရွေးချယ်ခံကြရသည်။ အမတ် ၁၁၅ နေရာအတွက် စာရင်းဖွင့်အချိုးကျ ကိုယ်စားပြု စနစ် (Open-list Proportional Representation System) ဖြင့် ရွေးကောက်တင်မြှောက်ကြပြီး ကျန်ရှိ နေသည့်အမတ် ၁၅ နေရာကို ပြည်နယ် ၁၂ ခုနှင့် Badia မဲဆန္ဒနယ်သုံးခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင် သည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း များထဲမှ မဲအများဆုံး ရရှိသူများအား ရွေးချယ်ကြ သည်။ (၁၉) ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်း ၁၆၇၄ ဦးရှိပြီး ယင်းတို့အနက် ၃၆၀ မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ဂျော်ဒန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင်ခြင်းများလည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅ အရ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်၏ သဘောတူညီချက်နှင့်အညီ ထပ်မံပြင်ဆင်ထားခြင်းဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၇၃ အရ အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါ က လွှတ်တော်သစ်တစ်ရပ်အတွက် အထွေထွေ ရွေးကောက်ပွဲကို အများဆုံးလေးလအတွင်း ကျင်းပ ပေးရမည်ဖြစ်ပြီး အကယ်၍မကျင်းပနိုင်ပါက လက်ရှိလွှတ်တော်သည်သာ ဆက်လက်တည်မြဲ နေမည်ဖြစ်သည်။
နိဂုံး
ဂျော်ဒန်နိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားချိန်အတွင်း ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ယခင်က Block Vote၊ SNTV၊ Parallel (mixed)စသည့် ရွေးကောက်ပွဲ စနစ်များစွာဖြင့် ရွေးကောက်ပွဲများကို ကျင်းပခဲ့သော် လည်း ၂၀၁၅ ခုနှစ်တွင် Proportional Represen-tation (PR) စနစ်ပြောင်းလဲခဲ့သည်။ ၂၀၁၆ ခုနှစ် အထွေထွေရွေးကောက်ပွဲမှစ၍ PR စနစ်ဖြင့် စတင် ခြေလှမ်းခဲ့၍ ကနဦးတွင် ပါတီငယ်များအတွက် တိုးတက်မှုနှေးကွေးခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများမှ အသိအမှတ်ပြု၍ သုံးသပ်တင်ပြထားသည်။ ဤကဲ့သို့ အများယုံကြည် လက်ခံသော ရွေးကောက်ပွဲစနစ်များ ပိုမိုကျယ်ပြန့် စွာ သိရှိလာနိုင်စေရန်ရည်ရွယ်၍ ဂျော်ဒန်နိုင်ငံ၏ ရွေးကောက်ပွဲစနစ်များနှင့် ရွေးကောက်ပွဲများ အကြောင်းအား လေ့လာရေးသား ဖော်ပြလိုက်ရ ပါသည်။ ။
ကျမ်းကိုး
- Jordan’s Constitution of 1952 with Amendments through 2016
- https://en.wikipedia.org/wiki/Jordan
- https://en.wikipedia.org/wiki/Elections_
in_Jordan
- https://en.wikipedia.org/wiki/2020_ Jordanian_general_election#Electoral_
system
- https://en.wikipedia.org/wiki/2017_
Jordanian_local_elections
- https://ipcongress.org/wp-content/
uploads/2021/08/JORDAN-ELECTION-
REPORT.pdf
- https://www.idea.int/sites/default/files/
what-pandemic-parliamentary-
elections-in-jordan-at-any-price-en.
pdf
- https://www.ifes.org/sites/default/
files/2016_ifes_jordan_parliamentary_
elections_faqs.pdf
- Log in to post comments