
နှင်းဦး
နိဒါန်း
တူနီးရှားနိုင်ငံသည် အာဖရိကတွင် မြောက်ဘက် အကျဆုံးနိုင်ငံဖြစ်ပြီး မာဂရတ်ဒေသတွင် တည်ရှိ သည်။ တူနီးရှားနိုင်ငံ၏ မြို့တော်မှာ တူနစ် (Tunis) မြို့ဖြစ်ပြီး တူနစ်မြို့ကို အစွဲပြု၍ တူနီးရှား နိုင်ငံဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် အယ်ဂျီးရီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် လစ်ဗျားနိုင်ငံ၊ မြောက်ဘက် နှင့် အရှေ့ဘက်တွင် မြေထဲပင်လယ်တို့နှင့် ထိစပ် လျက်ရှိပါသည်။ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၆၃၁၇၀(၁၆၃၆၁၀ ကီလိုမီတာ ကျယ်ဝန်း ပြီး လူဦးရေ ၁၁ သန်းခန့် ရှိသည်။ တူနီးရှားနိုင်ငံ တွင် အက်တလပ်စ်တောင်တန်း၏ အရှေ့ဘက် အစွန်းနှင့် ဆာဟာရသဲကန္တာရ၏ မြောက်ပိုင်းဒေသ တို့ ပါဝင်သည်။
တူနီးရှားနိုင်ငံကို ၁၅၇၄ ခုနှစ်မှစ၍ Ottoman Empire က နှစ်ပေါင်း ၃၀၀ ကျော် အုပ်ချုပ်ခဲ့ပြီး ၁၈၈၁ ခုနှစ်တွင် ပြင်သစ်တို့က သိမ်းပိုက်ခဲ့သည်။ တူနီးရှားနိုင်ငံသည် ၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက် တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် တူနီးရှားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ပြီး Habib Bourguiba သည် တူနီးရှား နိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။
တူနီးရှားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး သမ္မတသည် နိုင်ငံ့အကြီးအကဲတစ်ဦးဖြစ်၍ ဝန်ကြီးချုပ်သည် အစိုးရအကြီးအကဲဖြစ်သည်။ တူနီးရှားနိုင်ငံ၏ လက်ရှိသမ္မတမှာ Kais Saied ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ အရ သမ္မတသည် တူနီးရှားတပ်မတော်၏ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည်။ တူနီးရှားနိုင်ငံတွင် ပြည်နယ် ၂၄ ခုနှင့် ခရိုင် ၂၆၄ ခုဖြင့် ဖွဲ့စည်းထား သည်။ တူနီးရှားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦး တော်လှန်ရေးပြီးနောက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် တူနီးရှားနိုင်ငံသည် ပထမဆုံး သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ တူနီးရှား နိုင်ငံ၏ဥပဒေစနစ်အား ပြင်သစ်တရားမဥပဒေက များစွာ လွှမ်းမိုးထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့် အတန်းသတ်မှတ်ချက်များသည် အစ္စလာမ်ဥပဒေ ပေါ်တွင် အခြေခံသည်။
အုပ်ချုပ်ရေးအာဏာ
တူနီးရှားနိုင်ငံတွင် သမ္မတအား ငါးနှစ် သက်တမ်းအတွက် ရွေးကောက်တင်မြှောက်သည်။ သမ္မတသည် လွှတ်တော်ရွေးကောက်ပွဲတွင် မဲ အများဆုံးရထားသောပါတီ၏ ကိုယ်စားလှယ် လောင်းအား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်နှင့် စည်ပင်သာယာကောင်စီများအား ဗဟိုအစိုးရက တိုက်ရိုက်ခန့်အပ်သည်။
ဥပဒေပြုရေး
၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးမတိုင်မီ က တူနီးရှားတွင် လွှတ်တော် နှစ်ရပ်ရှိခဲ့သည်။ အောက်လွှတ်တော် (Majlis al-Nuwaab) တွင် အမတ် ၂၁၄ နေရာရှိပြီး လွှတ်တော်သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ အောက်လွှတ်တော်၏ ၂၇ ရာခိုင် နှုန်းမှာ အမျိုးသမီးကိုယ်စားလှယ်များဖြစ်သည်။ အထက်လွှတ်တော်သည် ပညာရှင်များပါဝင်သော အကြံပေးကောင်စီဖြစ်ပြီး အဖွဲ့ဝင် ၁၁၂ ဦး ရှိ သည်။ ယခုအချိန်၌ တူနီးရှားနိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်တွင် လွှတ်တော်တစ်ရပ်သာရှိပြီး လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၂၁၇ ဦး ရှိသည်။ ပထမ အကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က ကျင်းပခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၆ ရက်က ကျင်းပခဲ့သည်။
တရားစီရင်ရေး
တူနီးရှားနိုင်ငံ၏ ဥပဒေစနစ်သည် ပြင်သစ် တရားမဥပဒေကို အခြေခံထားသည်။ တရားစီရင် ရေးဆိုင်ရာဆောင်ရွက်ချက်များ ပြန်လည်သုံးသပ် ရန် တရားလွှတ်တော်ချုပ်၌ ပူးတွဲအစည်းအဝေး ကျင်းပသည်။ တရားလွှတ်တော်တရားသူကြီးချုပ်ကို သမ္မတက ခန့်အပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးတွင် အဖွဲ့ဝင် ၁၂ ဦးပါဝင်သည်။ ၎င်း အဖွဲ့ဝင်များ၏ သက်တမ်းမှာ ကိုးနှစ်ဖြစ်သည်။ ခုံရုံး၏အဖွဲ့ဝင် သုံးပုံနှစ်ပုံတွင် ဥပဒေပညာရှင်များ ပါဝင်သည်။
ရွေးကောက်ပွဲစနစ်
တူနီးရှားနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲစနစ် မှာ အချိုးကျကိုယ်စားပြုစနစ် (Proportional Representative System - Closed List) စနစ် ဖြစ်ပြီး Largest Remainder Method ဖြင့် ရွေးကောက်တင်မြှောက်သည်။ Closed List စနစ် တွင် ပါတီများကို ဆန္ဒပြုရခြင်းဖြစ်ပါသည်။ Largest Remainder Method ဆိုသည်မှာ List PR စနစ် တွင် မဲများကို လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် နေရာများအဖြစ် ပြောင်းသောနည်းစနစ်ဖြစ်သည်။ ပါတီများအား မဲဆန္ဒနယ် တစ်နယ်စီအတွက် အချိုးကျ ကိုယ်စားလှယ်အရေအတွက်ကို ခွဲဝေပြီး နောက် ကျန်ရှိနေသော နေရာများကို ရာခိုင်နှုန်း အများဆုံးမှ အနည်းဆုံးအလိုက် သတ်မှတ်ထား သည့် အမတ်နေရာပြည့်သည်အထိ ခွဲဝေပေးသည့် စနစ်ဖြစ်သည်။ ပါတီများမှ ပေးပို့သောစာရင်းတွင် အမျိုးသမီးနှင့်အမျိုးသား ကိုယ်စားလှယ်လောင်း များအသီးသီးပါဝင်ပြီး အသက် ၃၅ နှစ်အောက် ဖြစ်ရမည်။ တူနီးရှားနိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၇ ဦးရှိသည်။
ကျင်းပခဲ့သော ရွေးကောက်ပွဲများ
တူနီးရှားနိုင်ငံတွင် ၂၀၁၁ ခုနှစ် အာရပ်နွေဦး တော်လှန်ရေးပြီးနောက် ကျင်းပခဲ့သော ရွေးကောက် ပွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ၂၀၁၄ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲ (၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်)
( ခ ) ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲ (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်)
( ဂ ) ၂၀၁၈ ခုနှစ် ဒေသန္တရရွေးကောက်ပွဲ (၂၀၁၈ ခုနှစ်၊ မေလ ၆ ရက်)
(ဃ) ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)
သမ္မတရွေးကောက်ပွဲ
တူနီးရှားနိုင်ငံ၏ သမ္မတကို ငါးနှစ်လျှင်တစ်ကြိမ် (Two Round System) ဖြင့် ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ ပထမအကြိမ် သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းနှင့်အထက်ရရှိသော ကိုယ်စားလှယ် လောင်း မရှိပါက မဲအများဆုံးရရှိသည့် ကိုယ်စား လှယ်လောင်း နှစ်ဦးမှ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင် ရသည်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေး ပြီးနောက် ပထမအကြိမ် သမ္မတရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည်။ သမ္မတတစ်ဦး သည် တစ်ဆက်စပ်တည်းဖြစ်စေ၊ တစ်ဆက်စပ် တည်း မဟုတ်ဘဲဖြစ်စေ သက်တမ်းနှစ်ကြိမ်ထက် ပို၍ တာဝန်ထမ်းဆောင်၍မရပါ။
ဒေသန္တရရွေးကောက်ပွဲ
တူနီးရှားနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (High Indepen-dent Authority for Election - ISIE) ၏ ကြီးကြပ်မှု ဖြင့် ၂၀၁၈ ခုနှစ် မေလ ၆ ရက်က ကျင်းပခဲ့ပါ သည်။ ၎င်းရွေးကောက်ပွဲသည် အာရပ်နွေဦး တော်လှန်ရေးပြီးနောက် ပထမဆုံးကျင်းပသော ဒေသန္တရရွေးကောက်ပွဲဖြစ်သည်။ ဒေသန္တရ ရွေးကောက်ပွဲများကို ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပသည်။ ၂၀၁၈ ခုနှစ် ဒေသန္တရရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် ၃၅၀ ရှိပြီး ကောင်စီနေရာအရေ အတွက် ၇၂၁၇ နေရာရှိပါသည်။ ဒေသန္တရ ရွေးကောက်ပွဲများအား အချိုးကျကိုယ်စားပြုစနစ် (Proportional Representative System - Closed List) ဖြင့် ကျင်းပပါသည်။
လွှတ်တော်ရွေးကောက်ပွဲများအတွက်
မဲဆန္ဒနယ်သတ်မှတ်ခြင်း
တူနီးရှားနိုင်ငံတွင် မဲဆန္ဒနယ် ၃၃ ခုရှိပြီး ပြည်တွင်းမဲဆန္ဒနယ်၂၇ ခု နှင့် ပြည်ပမဲဆန္ဒနယ် ခြောက်ခုရှိသည်။ ပြည်ပမဲဆန္ဒနယ်များမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ မြောက်အမေရိက၊ ဥရောပနှင့် အာရပ်တို့ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၂၁၇ ဦး ရှိသည့်အနက် ၁၈ ဦးမှာ ပြည်ပမဲဆန္ဒနယ်မှဖြစ်ပြီး ၁၉၉ ဦးမှာ ပြည်တွင်း မဲဆန္ဒနယ်မှဖြစ်သည်။ တူနီးရှားနိုင်ငံ ပြည်နယ် ၂၄ ခုအနက် ၂၁ ခုအား မဲဆန္ဒနယ်တစ်နယ်စီ သတ်မှတ်ပြီး လူဦးရေများသော Nabeul ၊ Tunis နှင့် Sfax ပြည်နယ်သုံးခုအား မဲဆန္ဒနယ်နှစ်ခုစီ ခွဲထားသည်။ ပြည်တွင်းမဲဆန္ဒနယ် ၂၇ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦး ရွေးကောက် တင်မြှောက်ပြီး ပြည်ပမဲဆန္ဒနယ် ခြောက်နယ်မှ ၁၈ ဦး စုစုပေါင်း ၂၁၇ ဦး ရွေးကောက်တင်မြှောက် သည်။ မဲဆန္ဒနယ်အလိုက် လူဦးရေပေါ် မူတည် ပြီး လွှတ်တော်နေရာအတွက် သတ်မှတ်သည်။ လူဦးရေ ၆၀၀၀၀ ပြည့်လျှင် လွှတ်တော်အတွက် တစ်နေရာစာ ရရှိပြီး ဥပမာအားဖြင့် လူဦးရေ ၃၀၀၀၀၀ ရှိလျှင် လွှတ်တော်တွင် ငါးနေရာ ရရှိသည်။ အကယ်၍ လူဦးရေသည် ၁၀၉၀၀၀ ရှိလျှင် လူဦးရေ ၆၀၀၀၀ အတွက် တစ်နေရာစာ ရရှိပြီး လက်ကျန် လူဦးရေ ၃၀၀၀၀ ကျော်လျှင် တစ်နေရာထပ်မံရရှိသည့်အတွက် ကျန် ၄၉၀၀၀ ဦးအတွက် တစ်နေရာ စုစုပေါင်း နှစ်နေရာရရှိမည် ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း
ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူသည် တူနီးရှားနိုင်ငံသားဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပ သည့်နေ့၌ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ မဲဆန္ဒရှင် စာရင်းတွင် ပါဝင်သူဖြစ်ရမည်။ ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ခြင်းကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ စ၍ ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲနှင့်၂၀၁၈ ခုနှစ် ဒေသန္တရရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များသည် ပြန်လည်မှတ်ပုံတင်ရန်မလို အပ်ပါ။ မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်လိုသူ မည်သူမဆို မှတ်ပုံတင်ရုံးသို့ ဆက်သွယ်၍ လိပ်စာ၊ အသက်နှင့် လူမျိုးအထောက်အထားကိုတင်ပြ၍ မှတ်ပုံတင်ရ မည်။ ပြည်ပတွင် နေထိုင်သော တူနီးရှားလူမျိုး များသည် မဲပေးရန်အတွက် ဝက်ဘ်ဆိုဒ် မှတစ်ဆင့် လျှောက်ထားရသည်။ ISIE မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးရန် မှတ်ပုံ တင်ထားသော မဲဆန္ဒရှင်အရေအတွက် စုစုပေါင်း သည် ၇၀၆၆၉၄၀ ရှိသည်။ ၄၉ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး သုံးပုံတစ်ပုံခန့်သည် အသက် ၃၅ နှစ်အောက်များ ဖြစ်သည်။
မဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲနေ့မတိုင်မီ ၂၂ ရက်တွင် စတင် မဲဆွယ်နိုင်ပြီး ရွေးကောက်ပွဲနေ့မတိုင်မီ ၂၄ နာရီ အထိ မဲဆွယ်ခွင့်ရှိသည်။ မဲဆွယ်စည်းရုံးရာတွင် သာသနာပိုင်အဆောက်အဦများ၊ ရုံးအဆောက် အဦများ၊ တက္ကသိုလ်ကျောင်းများတွင် မဲဆွယ် စည်းရုံးခြင်းမပြုရပါ။ မဲဆွယ်စည်းရုံးရာတွင် ကိုယ်ပိုင် ငွေကြေး (သို့မဟုတ်) ပုဂ္ဂလိကရန်ပုံငွေနှင့် ပြည်သူ့ရန်ပုံငွေတို့မှတစ်ဆင့် ငွေကြေးထောက်ပံ့နိုင် သည်။ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ငွေစာရင်း ကြီးကြပ်မှုကို ရွေးကောက်ပွဲများအတွက် လွတ်လပ် သော အာဏာပိုင်အဖွဲ့အစည်း (ISIE) က ကြီးကြပ် သည်။ ISIE သည် စည်းမျဉ်းများနှင့် လိုက်လျော ညီထွေမှု ရှိ/မရှိနှင့် မဲဆွယ်စည်းရုံးရေးအတွက် ငွေကြေးပံ့ပိုးမှုနည်းလမ်းများကို စောင့်ကြည့် ကြီးကြပ်သည်။ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၄၃ အရ ရွေးကောက်ပွဲရလဒ်များ ထိခိုက်စေပါက ISIE သည် မဲဆွယ်စည်းရုံးရေးချိုးဖောက်မှုများအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နိုင်သည်။
မဲရုံများသတ်မှတ်ခြင်း
ရွေးကောက်ပွဲများအတွက် လွတ်လပ်သော အာဏာပိုင်အဖွဲ့ (ISIE) သည် မဲပေးစင်တာ (Voting Centers)၊ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာ များကို ရွေးကောက်ပွဲမတိုင်မီ ခုနစ်ရက်အလိုတွင် သတ်မှတ်ကြေညာသည်။ မဲပေးစင်တာ တစ်ခုတွင် မဲရုံတစ်ရုံ (Polling Stations) (သို့မဟုတ်) တစ်ရုံ ထက်ပိုသော မဲရုံအရေအတွက်များ ပါဝင်သည်။ ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေး စင်တာ ၄၈၇၁ ခု၊ မဲရုံ ၁၃၄၄၆ ရုံနှင့် တစ်နိုင်ငံလုံး၌ မဲရုံအဖွဲ့ဝင်စုစုပေါင်းမှာ ၄၄၅၀၀ ရှိသည်။ မဲရုံတစ်ရုံ တွင် မဲဆန္ဒရှင်ဦးရေ အများဆုံး ၆၀၀ သတ်မှတ်ထား သည်။ မဲပေးစင်တာဥက္ကဋ္ဌသည် ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများကို လုပ်ဆောင်ပြီး မဲရုံမှူးများနှင့် မဲရုံဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရသည်။ မဲရုံမှူးသည် မဲရုံအတွင်း၌ မဲပေးခြင်းလုပ်ငန်း ချောမွေ့စေရန်နှင့် မဲရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ မဲရုံအဖွဲ့ဝင်များသည် မဲဆန္ဒရှင် များ၏ မှတ်ပုံတင်အား စစ်ဆေးခြင်း၊ မဲဆန္ဒရှင် များအား မဲလက်မှတ်စာရွက်များထုတ်ပေးခြင်း၊ မဲပုံးများ စစ်ဆေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်း စဉ်တို့တွင် ပါဝင်ဆောင်ရွက်ရသည်။ မဲဆန္ဒရှင်များ သည် မဲပေးရမည့် မဲရုံအား သိရှိလိုပါက * ၁၉၅ * ကို ခေါ်ဆိုပြီး မဲရုံလိပ်စာနှင့် မဲရုံဖုန်းနံပါတ်ကို SMS ဖြင့် ရရှိမည်ဖြစ်သည်။
ရွေးကောက်ပွဲနေ့ဆန္ဒမဲပေးခြင်း
မဲပေးခြင်းလုပ်ငန်းစဉ်အား နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်သည်။ မဲဆန္ဒရှင် များမဲပေးရမည့် မဲရုံများကိုသိရှိစေရန် မဲစာရင်းများ ကို မဲရုံများတွင် ကြေညာထားသည်။ မဲပေးရာတွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန် ဆောင်အမျိုးသမီးများကို ဦးစားပေးရသည်။ မဲဆန္ဒ ရှင်တစ်ဦးသည် မဲရုံသို့ရောက်သောအခါ မဲရုံအဖွဲ့ဝင် တစ်ဦးက ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့မဟုတ်) ပတ်စပို့နံပါတ်ဖြင့် မဲစာရင်းအမှတ်ကို မဲစာရင်းတွင် တိုက်ဆိုင်စစ်ဆေးသည်။ မဲဆန္ဒရှင် သည် မဲလက်မှတ်မထုတ်ယူမီ ၎င်းအမည်တွင် လက်မှတ်ထိုးပြီးနောက် လက်ဝဲလက်ညှိုးကို မင်တို့ ရသည်။ လျှို့ဝှက်ဆန္ဒပြုခန်းတွင် မဲပေးပြီးနောက် မဲလက်မှတ်စာရွက်အား လေးခေါက်ခေါက်၍ မဲပုံး အတွင်းထည့်ရမည်။ မဲဆန္ဒရှင်တစ်ဦး၏ မဲလက်မှတ် စာရွက် ပျက်စီးသွားပါက နောက်ထပ် မဲလက်မှတ် စာရွက်ကို တစ်ကြိမ်သာ တောင်းခံခွင့်ပြုသည်။ မဲဆန္ဒရှင်သည် ပျက်စီးသွားသော မဲလက်မှတ် စာရွက်ကို မဲရုံမှူးထံသို့ ပြန်လည်အပ်နှံရပါမည်။ မဲရုံပိတ်ချိန်၌ မဲရုံပရဝဏ်အတွင်းရှိနေသော မဲဆန္ဒ ရှင်များသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးသူအရေ အတွက်မှာ ၂၉၄၆၆၂၈ ဦး ဖြစ်ပါသည်။ မဲပေးမှု ရာခိုင်နှုန်းမှာ ၄၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြစ်သည်။
ရလဒ်များတွက်ချက်ခြင်းနှင့် ကြေညာခြင်း
မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသည် မဲရုံများပိတ်ပြီး သည်နှင့် ကိုယ်စားလှယ်လောင်းများ၊ လေ့လာ စောင့်ကြည့်သူများရှေ့တွင် ချက်ချင်း မဲများ ရေတွက်ပါသည်။ မဲရေတွက်မှုပြီးစီးပါက မဲရုံတစ်ခု စီ၏ ရလဒ်ကို မိတ္တူကူး၍ မဲပေးစင်တာသို့ ပေးရ သည်။ ရွေးကောက်ပွဲများအတွက် လွတ်လပ်သော အာဏာပိုင်အဖွဲ့ (ISIE) သည် ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲနေ့ပြီးနောက် သုံးရက်ထက် နောက်မကျစေဘဲ ကြေညာရသည်။ မဲရုံအလိုက် အသေးစိတ်ရလဒ်များကို ISIE ၀က်ဘ်ဆိုဒ်၊ ISIE ဌာနချုပ်နှင့် တူနီးရှားနိုင်ငံပြန်တမ်းတွင် ကြေညာ ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုများ
တူနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တူနီးရှားသမ္မတနိုင်ငံ၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တူနီးရှားအစိုးရနှင့် နိုင်ငံသားများဆက်ဆံရေးအတွက် မူဘောင်တစ်ခု ဖြစ်သည်။ တူနီးရှား၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၈၅၇ ခုနှစ် ပဋိညာဉ်သဘောတူညီ ချက်ဖြစ်သည်။ ၁၈၅၇ ခုနှစ် ပဋိညာဉ်သဘော တူညီချက်သည် ၁၈၆၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၆ ခုနှစ် ပြင်သစ်များ ထွက်ခွာသွားသည်အထိ ပြင်ဆင်ခဲ့ခြင်းမရှိခဲ့ပါ။ ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၉ ခုနှစ် ဇွန်လ ၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲများ ပြုလုပ်ကာ ထပ်မံပြင်ဆင်ခဲ့သည်။ ၂၀၁၁ ခုနှစ် တော်လှန်ရေးပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် တွင် ရေးဆွဲခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့
ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုကို လွတ်လပ် ၍ တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (ISIE) က ပြုလုပ်သည်။ ISIE အား ဧပြီလ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၁၂၆) အရ ISIE သည် သမ္မတနှင့်လွှတ်တော်ရွေးကောက် ပွဲများ၊ ဒေသန္တရရွေးကောက်ပွဲများ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို ကြီးကြပ်ရန်တာဝန်ရှိသည်။ ISIE အဖွဲ့ဝင်များကို ခန့်အပ်ရာတွင် အကြိုရွေးချယ်ရေး ကော်မတီက ကိုယ်စားလှယ် ၃၆ ဦးစာရင်းအား ပဏာမတင်သွင်းသည်။ လွှတ်တော်သည် ၎င်း ကိုယ်စားလှယ် ၃၆ ဦး စာရင်းမှ ကိုးဦးအား ISIE အဖွဲ့ဝင်အဖြစ် ရွေးချယ်ပြီး သက်တမ်းမှာ ခြောက်နှစ် ဖြစ်သည်။ ၎င်းတို့၏ သက်ဆိုင်ရာ နယ်ပယ်များတွင် အတွေ့အကြုံ ၁၀ နှစ်ရှိပြီးအသက် ၃၅ နှစ်နှင့်အထက် ဖြစ်ရမည်။ ISIE အဖွဲ့ဝင်များ သည် ရိုးသားခြင်း၊ အမှီအခိုကင်းခြင်း၊ ကြားနေမှု ရှိခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း စသည့် အရည် အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပါသည်။ရွေးကောက် ပွဲဆိုင်ရာ လွတ်လပ်သော အာဏာပိုင်အဖွဲ့အစည်း (ISIE) ၏ လုပ်ငန်းတာဝန်များမှာ-
(က) မဲဆန္ဒရှင်စာရင်းများပြုစုခြင်း၊ မဲဆန္ဒရှင် စာရင်းများကို စဉ်ဆက်မပြတ်မွမ်းမံ ပြင်ဆင်ခြင်းနှင့် ISIE Website တွင် ကြေညာခြင်း
( ခ ) ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ရန် ပြက္ခဒိန်များသတ်မှတ် ခြင်း၊ ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းခြင်းနှင့် လက်ခံခြင်း၊ မဲများ ရေတွက်ခြင်းနှင့် ရလဒ်များကို ကြေညာခြင်း
( ဂ ) ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုရှိစေရန်ကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအသီးသီး တွင် ပါဝင်ဆောင်ရွက်သူများကို သင်တန်းပေးခြင်း
(ဃ) မဲဆန္ဒရှင်အသိပညာပေးရေးအတွက် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း
(င) ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး ရေး၏ ငွေကြေးထောက်ပံ့မှုများအား ကြီးကြပ်ခြင်း
(စ) ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ အကြံပြုချက်များ ပေးခြင်း၊ ရွေးကောက်ပွဲများ၊ ပြည်သူ့ဆန္ဒခံယူ ပွဲများအား ဝေဖန်အကြံပြုခြင်း
(ဆ) ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် များအား နှစ်စဉ်အစီရင်ခံစာတင်ပြခြင်း
ISIE လက်အောက်တွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲစီမံခန့်ခွဲမှု အဖွဲ့ ၃၃ ခုရှိပြီး ၎င်းတို့ကို (Independent Regional Authorities for Elections - IRIEs) ဟုခေါ်သည်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲစီမံခန့်ခွဲမှုအဖွဲ့အစည်း ၃၃ ခုတွင် တူနီးရှားနိုင်ငံအခြေစိုက် ၂၇ ခုနှင့် ပြည်ပအခြေ စိုက် ခြောက်ခုတို့ ပါဝင်သည်။ IRIEs တွင် ISIE မှ ရွေးချယ်သော အဖွဲ့ဝင် လေးဦးပါဝင်သည်။ IRIEs တွင် ကိုယ်ပိုင်လုပ်ပိုင်ခွင့်အာဏာမရှိဘဲ ISIE မှပေးအပ်သော တာဝန်များကိုသာ ဆောင်ရွက်ရ သည်။ IRIEs ၃၃ ခုသည် ၎င်းတို့အခြေစိုက်ရာဒေသ များရှိ မဲပေးစင်တာများနှင့် မဲရုံများအား ကြပ်မတ် ကွပ်ကဲသည်။ လွှတ်တော်ရွေးကောက်ပွဲများတွင် IRIEs သည် ကိုယ်စားလှယ်လောင်းများ လက်ခံခြင်း နှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါ။ သို့သော်လည်း ကိုယ်စားလှယ်လောင်းများအား ကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းနှင့် ၎င်း၏ဘဏ္ဍာရေးသုံးစွဲမှုများ၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ တွက်ချက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။
နိဂုံး
တူနီးရှားနိုင်ငံသည် ၁၉၅၆ ခုနှစ်မှ၂၀၁၁ ခုနှစ် အထိ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးပြီးနောက် ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက် ပွဲများကို အချိုးကျကိုယ်စားပြုစနစ် (PR) စနစ် ဖြင့် အောင်မြင်စွာ ကျင်းပခဲ့သည်။ နောက် တစ်ကြိမ်ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် အောက်တို ဘာလတွင် ကျင်းပမည်ဖြစ်သည်။ တူနီးရှားနိုင်ငံ သည် စီးပွားရေး၊ လူမှုရေးအခက်အခဲများကြားမှ ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလျက် ရှိပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါ သည်။ ။
ကိုးကား
- https://en.wikipedia.org/wiki/Tunisia
- https://en.wikipedia.org/wiki/Elections in_Tunisia
- Politics of Tunisia - Wikipedia
- Tunisia - Wikipedia
- IFES FAQs, 'Elections in Tunisia: 2019 Parliamentary Elections', September 2019
- Tunisia_2019_Parliamentary_Election_Guide.pdf (pomed.org)
- IFES Election Guide | Country Profile:
Tunisia
- Elections in Tunisia: 2018 Municipal Elect-ions | IFES
- Tunisian Municipal Elections 2018 - The Election Network
- Log in to post comments