
ယန်ယန်
(ယမန်နေ့မှ အဆက်)
မဲဆွယ်စည်းရုံးခြင်း
မဲဆွယ်စည်းရုံးခွင့်ကာလကို လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာသည့် နေ့မှစ၍ ရွေးကောက်ပွဲမကျင်းပမီရက်အထိ သတ်မှတ်ထားသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်း ကြေညာသည့် နေ့ရက်သည် အောက်တို ဘာလ ၆ ရက်ဖြစ်သဖြင့် မဲဆွယ်စည်းရုံးရေး ကာလမှာ အောက်တိုဘာလ ၆ ရက်မှ နိုဝင်ဘာလ ၉ ရက်အထိ ရက်ပေါင်း ၃၂ ရက်ဖြစ်သည်။ စည်းရုံးရေးကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာခြင်း၊ တိုင်းပြည်လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကြား ခွဲခြား ဆက်ဆံခြင်း မပြုလုပ်ခြင်းတို့ကို လိုက်နာ ဆောင်ရွက်ရသည်။ အစိုးရရုံးဌာနများ၊ အများ ပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ ကျောင်းများ စသည်တို့တွင် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၊ နိုင်ငံခြားအစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုခုတို့မှ ငွေကြေးလက်ခံခြင်း၊ တံစိုးလက်ဆောင် ပေးခြင်း၊ လက်ခံခြင်းများကိုလည်း တားမြစ်ထား သည်။ ထိုသို့သော တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ခဲ့ပါက ထောင်ဒဏ်အနည်းဆုံး သုံးလမှ အများဆုံးတစ်နှစ်ဖြစ်စေ၊ ငွေဒဏ် အနည်း ဆုံး ၂၀၀ ဒီနာ(၂၈၂.၀၉ USD)မှ အများဆုံး ၅၀၀ ဒီနာ(၇၀၂.၂၂ USD) ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။
ရွေးကောက်ပွဲနေ့
မဲရုံများကို ပုံမှန်အားဖြင့် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန် သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ဒုတိယလှိုင်း ဖြစ်ပွားချိန်ဖြစ်သဖြင့် မဲပေးမှုရာခိုင်နှုန်းနည်းသည့် အတွက် IEC သည် မဲရုံဖွင့်ချိန် နှစ်နာရီတိုးမြှင့် ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်သည် မဲရုံသို့ မဲပေးသွားရာတွင် မိမိ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို မဖြစ်မနေ ယူဆောင်သွားရသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပါရှိသည့် မဲလက်မှတ်ရရှိသည့်အခါ မိမိနှစ်သက် သည့် ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် တစ်ဦးထက် ပို၍ ဆန္ဒပြုနိုင်သည်။ ဆန္ဒပြုပြီး၍ ဘယ်ဘက် လက်ညှိုးတွင် မင်တို့ပြီးနောက် မဲရုံတာဝန်ရှိသူက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ပေးပြီးသည့် အခါ မဲပေးခြင်းလုပ်ငန်းပြီးဆုံးသည်။ မဲရုံပိတ်ပြီး နောက် သို့မဟုတ် မဲဆန္ဒရှင်အားလုံးမဲပေးပြီးပါက မဲရုံတာဝန်ရှိသူများက မဲရေတွက်ခြင်းလုပ်ငန်း ဆောင်ရွက်၍ မဲရလဒ်များကို ခရိုင်ရွေးကောက်ပွဲ ကော်မတီ (District Election Committee - DEC)သို့ ပေးပို့ရသည်။ DEC မှသက်ဆိုင်ရာမဲဆန္ဒနယ် အလိုက် ပေးပို့လာသည့် ရလဒ်များကို IEC က စုစည်းပြီး လက်မှတ်ရေးထိုး၍ ကြေညာရသည်။ ဆန္ဒမဲများရေတွက်ရာ၌ စာရင်းဖွင့်အချိုးကျ ကိုယ်စားပြုစနစ်တွင် ရရှိလာသည့် ကိုယ်စားလှယ် နေရာများအား အညီအမျှခွဲဝေရန် Largest Reminder စနစ်ကို အသုံးပြုသည်။
Largest Reminder စနစ်သည် ရရှိထားသည့် ဆန္ဒမဲများကို အမတ်နေရာအဖြစ် ပြောင်းလဲရာ တွင်သုံးသည့် နည်းနာတစ်ခုဖြစ်သည်။ ရွေးကောက် ပွဲကျင်းပရာ မဲဆန္ဒနယ်တစ်ခုတွင် ပါတီများနှင့် အဖွဲ့အစည်းများအနေဖြင့် မဲဝေစုအပြည့်အဝရရှိ ပြီးဖြစ်သဖြင့် အမတ်နေရာခွဲဝေပြီးနောက် ကျန်ရှိ နေသည့်အမတ်နေရာအား ရာခိုင်နှုန်းအများဆုံးမှ အနည်းဆုံးအလိုက် သတ်မှတ်ထားသည့် အမတ် နေရာပြည့်သည်အထိ ခွဲဝေပေးသည်။
လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် (Independent Election Commission - IEC)
ဂျော်ဒန်နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်လေးဦး စုစုပေါင်း ငါးဦးဖြင့် ဖွဲ့စည်းထားပါသည်။ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် ၍ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရေးကောင်စီဥက္ကဋ္ဌတို့က အဖွဲ့ဝင် များအဖြစ် ပါဝင်သော ကော်မတီတစ်ခုမှ အမည် စာရင်းကို ဘုရင်ထံသို့ တင်သွင်းပြီး ဘုရင်မှ ခန့်အပ် နိုင်သည်။ ကော်မရှင်၏ သက်တမ်းမှာ ခြောက်နှစ် ဖြစ်ပြီး လိုအပ်ပါက ဘုရင်က သက်တမ်းတိုး ဆောင်ရွက်စေနိုင်သည်။ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များသည် ဂျော်ဒန်နိုင်ငံတွင် အနည်းဆုံး ၁၀ နှစ် အခြေချ နေထိုင်သူဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူ၊ ဘွဲ့ရရှိသူ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ အသက် ၄၀ နှစ်ပြည့်ပြီးသူ၊ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံ ရင့်ကျက်သူ၊ သိက္ခာသမာဓိနှင့်ပြည့်စုံ ပြီး အများယုံကြည်လေးစားသူ၊ အကျင့်စာရိတ္တ ဆိုင်ရာ ပြစ်မှုဖြင့် တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းမခံ ရသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်။
ယခုလက်ရှိ IEC ကို ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လွတ်လပ်သည့် အဖွဲ့ အစည်းတစ်ရပ်ဖြစ်သော်လည်း ရန်ပုံငွေအား နိုင်ငံတော်မှ ရယူသုံးစွဲသည်။ အုပ်ချုပ်ရေးဌာန ငါးခုဖြင့် ဖွဲ့စည်းထားပြီး ယင်းအောက်တွင် ခရိုင် ရွေးကောက်ပွဲကော်မတီ ၂၃ ခုနှင့် ဌာနခွဲ ၄၄ ခုတို့ဖြင့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်း စင်တာ ၁၄၈၃ ခုအတွင်း တည်ရှိသည့် သက်ဆိုင်ရာ မဲရုံ အသီးသီးအား စီမံခန့်ခွဲနိုင်ရန် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းကော်မတီ ၈၀၆၁ ခုအထိ တိုးမြှင့် ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ IEC သည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်ရွေးကောက်ပွဲ များ၊ မြူနီစီပယ်ရွေးကောက်ပွဲများနှင့် အခြား အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးရပြီး ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကော်မရှင် သည် ၂၀၁၃ ခုနှစ်၊ ၂၀၁၆ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
IEC ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ-
(က) ကော်မရှင်၏ အထွေထွေမူဝါဒကို ချမှတ်ဆောင်ရွက်ခြင်း၊
(ခ) ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် သတ်မှတ်ခြင်း၊
(ဂ) တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိ သော ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လိုအပ်သောအချိန်၊ အစီအမံ နှင့် စီမံချက်များအား ချမှတ် ဆောင်ရွက်ခြင်း၊
(ဃ) မဲဆန္ဒရှင်စာရင်းနှင့် ကိုယ်စားလှယ် လောင်း အမည်စာရင်းအား ထုတ်ပြန် ကြေညာခြင်း၊
(င) ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ် သက်၍ မဲဆန္ဒရှင်အသိပညာပေးလုပ် ငန်းများအား မြှင့်တင်ဆောင်ရွက်ခြင်း၊
(စ) ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ မဲပေးချိန်ကာလအား တိုးချဲ့ နိုင်ခြင်း၊
(ဆ) ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုချင်းစီ အတွက် နောက်ဆုံးအစီရင်ခံစာအား ထုတ်ပြန်၍ ဘုရင်ထံတင်ပြပြီး နိုင်ငံ တော် ပြန်တမ်းတွင် ထုတ်ပြန် ကြေညာခြင်း၊
(ဇ) ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန် ကြေညာခြင်း စသည်တို့ဖြစ်သည်။
(၁၉) ကြိမ်မြောက်လွှတ်တော်ရွေးကောက်ပွဲ
ဂျော်ဒန်နိုင်ငံသည် ၁၉၄၆ ခုနှစ်တွင် လွတ်လပ် ရေးရရှိခဲ့ပြီး ၁၉၂၉ ခုနှစ်မှစ၍ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပလာရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် (၁၉) ကြိမ်မြောက် ဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၄၆၄၀၆၄၃ ဦးရှိသည့်အနက် မဲဆန္ဒရှင် ၁၃၈၇၇၁၁ ဦး မဲပေးခဲ့ရာ မဲပေးမှုရာခိုင်နှုန်းမှာ ၂၉ ဒသမ ၉ ရာခိုင်နှုန်းဖြစ် သည်။ အောက်လွှတ်တော်အတွက် မဲဆန္ဒနယ် ၂၃ နယ်တွင် အမတ်နေရာ ၁၃၀ ရှိသည့်အနက် အမျိုး သမီးကိုယ်စားလှယ်အတွက် ၁၅ နေရာ၊ ခရစ်ယာန် ဘာသာဝင်လူမျိုးစုအတွက် သုံးနေရာနှင့် ချေချင်း နှင့် ဆာကာရှန်လူမျိုးစုအတွက် ကိုးနေရာတို့ ရွေးချယ်ခံကြရသည်။ အမတ် ၁၁၅ နေရာအတွက် စာရင်းဖွင့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြပြီး ကျန်ရှိနေသည့် အမတ် ၁၅ နေရာကို ပြည်နယ် ၁၂ ခုနှင့် Badia မဲဆန္ဒနယ် သုံးခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း များထဲမှ မဲအများဆုံးရရှိသူများအား ရွေးချယ်ကြ သည်။ (၁၉) ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်း ၁၆၇၄ ဦးရှိပြီး ယင်းတို့အနက် ၃၆၀ မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ဂျော်ဒန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်က အတည် ပြုပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင်ခြင်းများလည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅ အရ အထက်လွှတ်တော် နှင့် အောက်လွှတ်တော်၏ သဘောတူညီချက်နှင့် အညီ ထပ်မံပြင်ဆင်ထားခြင်းဖြစ်သည်။ အခြေခံ ဥပဒေပုဒ်မ ၇၃ အရ အောက်လွှတ်တော်ကို ဖျက် သိမ်းခဲ့ပါက လွှတ်တော်သစ်တစ်ရပ်အတွက် အထွေထွေရွေးကောက်ပွဲကို အများဆုံး လေးလ အတွင်း ကျင်းပပေးရမည်ဖြစ်ပြီး အကယ်၍ မကျင်းပနိုင်ပါက လက်ရှိလွှတ်တော်သည်သာ ဆက်လက်တည်မြဲနေမည် ဖြစ်သည်။
နိဂုံး
ဂျော်ဒန်နိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားချိန်အတွင်း ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယခင်က Block Vote၊ SNTV ၊ Parallel (mixed) စသည့် ရွေးကောက် ပွဲစနစ်များစွာဖြင့် ရွေးကောက်ပွဲများကို ကျင်းပ ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် Proportional Representation (PR) စနစ်ပြောင်းလဲခဲ့သည်။ ၂၀၁၆ ခုနှစ် အထွေထွေရွေးကောက်ပွဲမှစ၍ PR စနစ်ဖြင့် စတင်ခြေလှမ်းခဲ့၍ ကနဦးတွင် ပါတီငယ် များအတွက် တိုးတက်မှုနှေးကွေးခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများက အသိ အမှတ်ပြု၍ သုံးသပ်တင်ပြထားသည်။ ဤကဲ့သို့ အများယုံကြည်လက်ခံသော ရွေးကောက်ပွဲစနစ် များ ပိုမိုကျယ်ပြန့်စွာ သိရှိလာနိုင်စေရန် ရည်ရွယ် ၍ ဂျော်ဒန်နိုင်ငံ၏ ရွေးကောက်ပွဲစနစ်များနှင့် ရွေးကောက်ပွဲများအကြောင်းအား လေ့လာရေးသား ဖော်ပြလိုက်ရပါသည်။ ။
ကျမ်းကိုး
- Jordan’s Constitution of 1952 with Amendments through 2016
- https://en.wikipedia.org/wiki/Jordan
- https://en.wikipedia.org/wiki/Elect-ions_in_Jordan
- https://en.wikipedia.org/wiki/2020_Jordanian_general_election#Electoral_ system
- https://en.wikipedia.org/wiki/2017_Jordanian_local_elections
- https://ipcongress.org/wp-content/uploads/2021/08/JORDAN-ELECTION-REPORT.pdf
- https://www.idea.int/sites/default/files/what-pandemic-parliamentary-elect-ions-in-jordan-at-any-price-en.pdf
- https://www.ifes.org/sites/default/files/2016_ifes_jordan_parliamentary_ elections_faqs.pdf
- Log in to post comments