ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (ဂျော်ဒန်နိုင်ငံ)

Type
1

 

ယန်ယန်
 

 

နိဒါန်း


ဂျော်ဒန်နိုင်ငံသည်  အရှေ့အလယ်ပိုင်းဒေသ တွင် တည်ရှိပြီး  အရှေ့ဘက်နှင့် တောင်ဘက်တွင် ဆော်ဒီအာရေဗျ၊ အရှေ့မြောက်ဘက်တွင် အီရတ်၊ မြောက်ဘက်တွင် ဆီးရီးယား၊ အနောက်ဘက်တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ စုစုပေါင်းဧရိယာ  စတုရန်း ကီလိုမီတာ ၈၉၃၄၁ (၃၄၄၉၅ စတုရန်းမိုင်)ကျယ် ဝန်းပြီး မြို့တော်အမ္မန်(Amman) မှာ ဂျော်ဒန်နိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု အချက်အချာကျသောမြို့လည်းဖြစ် သည်။ ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်းမှာ ၁၁ သန်းခန့်ရှိ၍ အများစုမှာ ဆွန်နီ မွတ်စလင် (Sunni Muslims)  လူမျိုးများဖြစ်ပြီး လူနည်းစုမှာ ခရစ်ယာန်ဘာသာဝင် (Christians) လူမျိုးများဖြစ်ကြသည်။ အာရပ်နိုင်ငံများထဲမှ ၁၁ ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ တစ်သန်းကျော်မှာ  အမ္မန် (Amman) မြို့တော်တွင် နေထိုင်ကြသည်။    ဘုရင်မှ   ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဦးဆောင်သည့် ပြည်နယ် ၁၂ ပြည်နယ်နှင့် ယင်းအောက်တွင်  ခရိုင်၊  ခရိုင်ခွဲ၊ မြို့နယ်၊ မြို့၊ ရွာများဖြင့် ဖွဲ့စည်းထားသည်။ 

 


ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျော်ဒန်နိုင်ငံသည် စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးသည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက်  ဘုရင်ထံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစသည့် အာဏာ သုံးရပ်ရှိသည်။ ဘုရင်သည် ဝန်ကြီးချုပ် နှင့်  အစိုးရအဖွဲ့ကို ခန့်အပ်တာဝန်ပေးအပ်နိုင်ပြီး ၎င်းခန့်အပ်ထားသော  အစိုးရမှ  သက်ဆိုင်ရာဌာန များနှင့်  ပေါင်းစပ်ညှိနှိုင်း၍  မူဝါဒများကို  ရေးဆွဲ ပြဋ္ဌာန်းသည်။ 

 


အုပ်ချုပ်ရေး


ဂျော်ဒန်နိုင်ငံသည်  စည်းမျဉ်းခံဘုရင်အုပ်ချုပ် သော  နိုင်ငံဖြစ်သည့်အတွက် အုပ်ချုပ်ရေးအာဏာ မှာ ဘုရင်ထံတွင်ရှိသည်။ ဘုရင်သည် နိုင်ငံအကြီး အကဲဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လည်းဖြစ်သည်။ ဘုရင်မှ  စစ်နှင့်ငြိမ်းချမ်းရေးကို ကြေညာနိုင်ပြီး ဥပဒေနှင့် စာချုပ်စာတမ်းများကို အတည်ပြုခြင်း၊ လွှတ်တော်အစည်းအဝေးများကို ခေါ်ယူခြင်း၊ ရပ်စဲခြင်း၊ ရွေးကောက်ပွဲများ ကျင်းပ ခြင်းနှင့် ရွှေ့ဆိုင်းခြင်း၊ အစိုးရကိုဖြုတ်ချခြင်းနှင့် လွှတ်တော်ကိုဖျက်သိမ်းခြင်းတို့ပြုနိုင်သည်။ ဘုရင် သည် ဝန်ကြီးချုပ်အား ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်းတို့ကို   ဆောင်ရွက်နိုင်ပြီး  ဝန်ကြီးချုပ်၏ထောက်ခံချက်ဖြင့် ဝန်ကြီးများအား ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်း တို့ကိုလည်း   ဆောင်ရွက်နိုင်သည်။   အထက် လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း ခန့်အပ် ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်း ပြုနိုင်သည်။

 


တရားစီရင်ရေး


တရားရုံးများသည် မည်သည့်အာဏာမှ လွှမ်းမိုး မှုမရှိသော  လွတ်လပ်သည့်အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။  တရားမတရားသူကြီးနှင့်  ရှရီယာ တရားသူကြီးများ(Judges of the Civil and Sharia Courts)ကို ဘုရင်မှ   ခန့်အပ်နိုင်သလို ရာထူးမှ လည်း ထုတ်ပယ်နိုင်သည်။ တရားရုံးများကို တရားမ တရားရုံး  (Civil Court)၊ ဘာသာရေးတရားရုံး (Religious Court)နှင့် အထူးတရားရုံး (Special Court)ဟူ၍ သုံးမျိုးခွဲခြားထားပါသည်။  တရားမ တရားရုံးတွင် တရားမမှုနှင့် အစိုးရဆန့်ကျင်သော အမှုကိစ္စများပါဝင်သည့်      ရာဇဝတ်မှုများကို ကိုင်တွယ်သည်။ တရားမတရားရုံးတွင် ရာဇဝတ် တရားရုံး၊  ရှေ့ဆောင်တရားရုံး၊  အယူခံတရားရုံး၊  အုပ်ချုပ်ရေးဆိုင်ရာ  ကိစ္စရပ်များကို ကြားနာသည့် အုပ်ချုပ်မှုဆိုင်ရာ   တရားရုံးနှင့်   ၂၀၁၂  ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့်    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတို့    ပါဝင်သည်။       အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်     သတ်မှတ်ထားသော် လည်း  ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့်  ဘာသာရေး လွတ်လပ်ခွင့်အား    အသိအမှတ်ပြုထားသည်။ ဘာသာရေးတရားရုံးတွင် ကွာရှင်းပြတ်စဲခြင်းနှင့် အမွေဆက်ခံခြင်းကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအား အရေးယူဆောင်ရွက်ပြီး အစ္စလာမ် ရှရီယာဥပဒေ (Islamic Sharia Law)ပေါ်တွင်လည်း တစ်စိတ်တစ်ဒေသ မူတည်သည်။ အထူးတရားရုံး သည်  တရားမတရားရုံးဘက်မှ တင်ပြလာသော အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည်။

 


ဥပဒေပြုရေး


ဂျော်ဒန်နိုင်ငံတွင်      အထက်လွှတ်တော် (Senate)  နှင့် အောက်လွှတ်တော် (The House of Representatives) ဟူ၍  လွှတ်တော်  နှစ်ရပ် ရှိပါသည်။ အထက်လွှတ်တော်(Senate)ကို ဘုရင်မှ ခန့်အပ်ပြီး  အောက်လွှတ်တော်  (The House of Representatives) ရွေးကောက်ပွဲများကို လွတ်လပ် သောရွေးကောက်ပွဲကော်မရှင်      (Independent Election Commission - IEC) မှ  လေးနှစ်လျှင် တစ်ကြိမ် ကျင်းပပါသည်။ ဘုရင်သည် လွှတ်တော်ကို     ဖျက်သိမ်းခွင့်ရှိသောကြောင့် အောက်လွှတ်တော် အား ဘုရင်မှဖျက်သိမ်းခဲ့ပါက အထက်လွှတ်တော်၏   ကဏ္ဍသည်လည်း      ခေတ္တရပ်ဆိုင်းထားရမည် ဖြစ်သည်။

 


ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲအမျိုးအစားနှင့် ရွေးကောက်ပွဲများ


ဂျော်ဒန်နိုင်ငံတွင်  လွှတ်တော်ရွေးကောက်ပွဲ များ၊ မြူနီစီပယ်ရွေးကောက်ပွဲများနှင့် ဒေသန္တရ ရွေးကောက်ပွဲများကို   လေးနှစ်တစ်ကြိမ်  ကျင်းပ သည်။ ဂျော်ဒန်နိုင်ငံတွင်  လွှတ်တော်နှစ်ရပ်ရှိပြီး အထက်လွှတ်တော်အား ဘုရင်မှတိုက်ရိုက်ခန့်အပ်၍ အောက်လွှတ်တော်အား PR စနစ် ဖြင့်  ရွေးကောက် တင်မြှောက်ကြသည်။ လွတ်လပ်သောရွေးကောက်ပွဲ ကော်မရှင်ကို၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယင်း ကော်မရှင် မှ ၂၀၁၃ ခုနှစ်၊  ၂၀၁၆ ခုနှစ်နှင့်  ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ် ကျင်းပပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် လွှတ်တော် ရွေးကောက်ပွဲသည် ၁၉ ကြိမ်မြောက်ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ ဖြစ်သည်။ ၁၉၈၉-၁၉၉၃ ခုနှစ်အထိ  လွှတ်တော်ရွေးကောက်ပွဲများကို Block Vote (Plurality/ Majority) စနစ်ဖြင့်  လည်းကောင်း၊ ၁၉၉၃-၂၀၁၃ ခုနှစ်အထိ  လွှတ်တော်ရွေးကောက်ပွဲ များကို လွှဲပြောင်း၍မရသောတစ်မဲတည်းပေးစနစ် (Single Non-transferable Vote System) ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင်  လွှတ်တော် ရွေးကောက်ပွဲများကို   ပူးတွဲစနစ်   (စနစ်ရော) Parallel (mixed) (Single Non-transferable Vote System and Proportional Representation Closed-list System) ဖြင့်    လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ စနစ်တစ်ခုဖြစ်သော စာရင်းဖွင့်  အချိုးကျကိုယ်စား ပြုစနစ် (Open-list Proportional Representation System)သို့ ပြောင်းလဲပြင်ဆင်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်  လွှတ်တော်ရွေးကောက်ပွဲများကို ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ဖြင့် ကျင်းပခဲ့သည်။

 


ဒေသန္တရရွေးကောက်ပွဲများကို ၂၀၁၇  ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ မြူနီ စီပယ်နှင့် ဒေသန္တရကောင်စီရွေးကောက်ပွဲများကို ၁၉၂၅ ခုနှစ်မှစ၍ စဉ်ဆက်မပြတ် ကျင်းပခဲ့ကြသည်။ ကောင်စီတစ်ခုစီတွင် အဖွဲ့ဝင် ငါးဦးဖြင့်  ဖွဲ့စည်းထား ပြီး  အနည်းဆုံးအမျိုးသမီးအဖွဲ့ဝင်တစ်ဦး   ပါဝင် ဖွဲ့စည်းရမည်။    မြို့နယ်  ၁၀၀   ရှိသည့်အနက် ဒေသန္တရကောင်စီ ၃၅၅ ခုရှိသောမြို့နယ် ၈၂ ခုနှင့် ဒေသန္တရကောင်စီမရှိသည့် မြို့နယ်   ၁၈ ခု ဟူ၍ ဖွဲ့စည်းထားပြီး   မြို့နယ်နှင့်   ဒေသန္တရကောင်စီ အဖွဲ့ဝင် စုစုပေါင်း  ၁၈၃၈ ဦး  ရှိသည်။   မြို့နယ် တစ်ခုစီအတွက်  မြို့တော်ဝန်များကို   တိုက်ရိုက် ခန့်အပ်နိုင်သည်။ ပြည်နယ် ၁၂ ခုတွင် မဲဆန္ဒနယ် ၁၅၈ နယ်  ခွဲခြားသတ်မှတ်ထားပြီး ၈၅ ရာခိုင်နှုန်း အား ရွေးကောက်တင်မြှောက်၍ ၁၅ ရာခိုင်နှုန်းအား အစိုးရမှ  ခန့်အပ်သည်။ ရွေးကောက်တင်မြှောက်ခံရ သော ဒေသန္တရကောင်စီဝင် ၈၅ ရာခိုင်နှုန်း၌ အမျိုး သမီးကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းပါဝင်ရမည်ဖြစ် သည်။ ဂျော်ဒန်နိုင်ငံ၏ နောင်ကျင်းပမည့် ဒေသန္တရ ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်တွင်   ကျင်းပသွား မည်ဖြစ်သည်။

 


အထက်လွှတ်တော် (Senate) 


လွှတ်တော်ဥက္ကဋ္ဌအပါအဝင် အထက်လွှတ်တော် ၏ အမတ်နေရာစုစုပေါင်းအရေအတွက်မှာ အောက် လွှတ်တော်ရှိ စုစုပေါင်းအမတ်နေရာ၏ တစ်ဝက် ထက်  မကျော်လွန်စေရပါ။ အထက်လွှတ်တော်တွင် အမတ်နေရာ ၆၅ နေရာရှိပြီး ထင်ပေါ်ကျော်ကြား သည့် ဂုဏ်သတင်းရှိသော  ပုဂ္ဂိုလ်နှင့်   နိုင်ငံရေး တာဝန်များ      ရေရှည်ထမ်းဆောင်ဖူးသူများကို ဘုရင်မှ  ရွေးချယ်ခန့်ထားနိုင်သည်။    အထက် လွှတ်တော်အမတ်များသည် အသက် ၄၀ နှစ် ပြည့် ပြီးသူဖြစ်ရမည့်အပြင် မည်သည့်နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ရမည်။ ဝန်ကြီးချုပ်နှင့်  ဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်နေသူနှင့် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ၊ သံအမတ်အဖြစ်  တာဝန်ထမ်းဆောင် ဖူးသူ၊ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ဖူးသူ၊ အယူခံတရားရုံးများတွင် တရားသူကြီး အဖြစ်နှင့် တရားမနှင့်ရှရီယာအယူခံတရားရုံးများ (Civil and Sharia Courts of Appeal)တွင် တရားသူကြီးများအဖြစ်       တာဝန်ထမ်းဆောင်ဖူးသူ၊ တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးနှင့်အထက်တာဝန်ထမ်းဆောင်ဖူးသူ၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ်  အနည်းဆုံး နှစ်ကြိမ် ရွေးကောက်တင်မြှောက် ခြင်းခံရသူ၊ နိုင်ငံနှင့်  လူမျိုးအကျိုးစီးပွား  ဆောင် ရွက်နိုင်သည့် အရည်အချင်းရှိသူဖြစ်ရမည်။ အထက် လွှတ်တော်၏ သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး ဘုရင်မှ  သက်တမ်းတိုးနိုင်သည်။  အောက်လွှတ်တော်အား  ဖျက်သိမ်းလိုက်ပါက  အထက်လွှတ်တော်၏လုပ်ငန်း ဆောင်ရွက်မှုများသည်လည်း  ခေတ္တရပ်ဆိုင်းထားရ မည်ဖြစ်သည်။   အထွေထွေ မူဝါဒများနှင့်ပတ်သက်၍    အထက်လွှတ်တော်မှ အောက်လွှတ်တော်အား အကြံပြုနိုင်ပြီး ယင်းလွှတ်တော်နှစ်ရပ်သည် ဘုရင် ၏ အာဏာကို    အပြန်အလှန်   ထိန်းကျောင်းနိုင်သည်။        

 


အောက်လွှတ်တော် (The House of
Representatives) 


ဂျော်ဒန်နိုင်ငံ၏ အောက်လွှတ်တော်ကိုယ်စားလှယ်များအား    နိုင်ငံသားများမှ      တိုက်ရိုက်   ရွေးကောက်တင်မြှောက်နိုင်ပြီး   ကိုယ်စားလှယ် လောင်းများ၏  အသက်ကန့်သတ်ချက်မှာ  ၃၀ နှစ်  ဖြစ်သည်။ အောက်လွှတ်တော်၏ သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး  ဘုရင်သည်  အောက်လွှတ်တော်၏ သက်တမ်းကို အနည်းဆုံးတစ်နှစ်၊ အများဆုံးနှစ်နှစ် အထိ သက်တမ်းတိုးနိုင်သည်။ ၂၀၁၃  ခုနှစ်တွင်  လွှတ်တော်ရွေးကောက်ပွဲများကို လွှဲပြောင်း၍မရ သောတစ်မဲပေးစနစ် (Single Non-transferable Vote System)နှင့်  
စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed-list Proportional Represen- tation System)တို့ကို ကျင့်သုံး၍ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်  စာရင်းဖွင့် အချိုးကျ  ကိုယ်စားပြုစနစ် (Open-list Propor- tional Representation System) ကို  ပြောင်းလဲ ကျင့်သုံးခဲ့သည်။ အမတ်နေရာ အရေအတွက်အား ယခင် ၁၅၀ မှ ၁၃၀ ထိ လျှော့ချခဲ့သည်။    ခရစ်ယာန် ဘာသာဝင်လူမျိုးစုအတွက်   သုံးနေရာ၊  ချေချင်းနှင့်  ဆာကာရှန် (Chechen and Circassian) လူမျိုးစု အတွက်  ကိုးနေရာတို့အပါအဝင် အမတ်နေရာ ၁၁၅ နေရာအား  PR စနစ်ဖြင့်  ရွေးကောက် တင်မြှောက်ပြီး ကျန်ရှိသည့် လွှတ်တော်ကိုယ်စား လှယ်နေရာ  ၁၅  ဦးအတွက် ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စား လှယ်လောင်းများထဲမှ မဲအများဆုံးရရှိသူများအား ရွေးချယ်သည်။ ဂျော်ဒန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော   (၁၉) ကြိမ်မြောက်  လွှတ်တော်ရွေးကောက်ပွဲရလဒ်အခြေ အနေမှာ    အောက်ပါအတိုင်းဖြစ်ပါသည်-


အောက်လွှတ်တော်သည် အစိုးရအဖွဲ့မှ အဆိုပြု တင်ပြလာသော ဥပဒေများကို ထောက်ခံခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ပြုနိုင်သည့် အခွင့်အရေးရှိသည်။   သို့သော်ငြားလည်း  အောက် လွှတ်တော်သည် ဥပဒေများကိုစတင်ရေးဆွဲနိုင်မှုမှာ အကန့်အသတ်ရှိပြီး အထက်လွှတ်တော်၏ သဘောတူညီချက်ရရှိမှသာလျှင်    ဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။

 


မဲပေးပိုင်ခွင့်ရှိသူများ


ဂျော်ဒန်နိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူမှာ အသက် ၁၈  နှစ်ပြည့်ပြီးသူများဖြစ်ရမည်။   လူမွဲအဖြစ် သတ်မှတ်ကြေညာခြင်းခံရသူများ၊ စိတ်ပေါ့သွပ် နေသူများသည် မဲပေးပိုင်ခွင့်မရှိပါ။ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည်  တာဝန်ထမ်းဆောင်နေချိန်အတွင်း မဲပေးပိုင်ခွင့် မရှိပါ။ မဲဆန္ဒရှင်များသည် မိမိနေထိုင်ရာမဲဆန္ဒနယ် သို့မဟုတ် ဖခင် သို့မဟုတ် အဘိုး မွေးဖွားရာဇာတိ တွင်သာ မဲပေးခွင့်ရှိသည်။ မဲဆန္ဒနယ်ပြင်ပ ကြိုတင် မဲစနစ်မရှိခြင်းနှင့်   မဲရုံသို့  မဲဆန္ဒရှင်ကိုယ်တိုင် သွားရောက်    မဲပေးရခြင်းတို့ကြောင့်   နိုင်ငံပြင်ပတွင် ရောက်ရှိနေသောမဲဆန္ဒရှင်များသည် မဲပေးပိုင်ခွင့် မရှိပါ။

 


မဲဆန္ဒရှင်စာရင်းပြုစုခြင်း


ဂျော်ဒန်နိုင်ငံတွင် မဲဆန္ဒရှင်စာရင်းများကို IEC ၏ညွှန်ကြားချက်အရ Civil Status Department (CSD) က ပြုစုရသည်။ မဲဆန္ဒရှင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်၏ ပြဋ္ဌာန်းချက်များနှင့် အညီ မဲဆန္ဒနယ်အလိုက်ပြုစု၍ ထုတ်ပြန်ကြေညာ ပြီး မဲဆန္ဒရှင်ပြည်သူများသည် မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းမှလည်းကြည့်ရှုနိုင်သည်။ မဲဆန္ဒရှင်သည် မိမိကိုယ်တိုင် သို့မဟုတ် အခြားမဲဆန္ဒရှင်တစ်ဦးဦး အား ကန့်ကွက်ခြင်းများပြုလုပ်နိုင်သည်။ မဲစာရင်း တွင် မိမိအမည်မပါဝင်ခြင်း၊ အချက်အလက်မှားယွင်း ခြင်း၊ နေရပ်လိပ်စာပြင်ဆင်ခြင်းတို့ကို မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာသည့်နေ့မှစ၍  ၁၄ ရက် အတွင်း ဆောင်ရွက်နိုင်သည်။ မဲစာရင်းတွင် ပါဝင် သည့်  မည်သည့်မဲဆန္ဒရှင်မဆို    မိမိမဲဆန္ဒနယ် အတွင်းရှိ အခြားမဲဆန္ဒရှင်တစ်ဦးဦးကို ကန့်ကွက် လိုပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့် နေ့မှစ၍    ခုနစ်ရက်ထက်  နောက်မကျစေဘဲ ကန့်ကွက်လွှာတင်သွင်းနိုင်သည်။ 

 


မဲဆန္ဒနယ်သတ်မှတ်ခြင်း


လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မဲဆန္ဒနယ်တစ်ခုစီကို လူဦးရေအပေါ်အခြေမခံဘဲ အုပ်ချုပ်ရေးနယ်နိမိတ်ပေါ်မူတည်၍ သတ်မှတ်ထား ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ စနစ်ပြောင်းလဲခဲ့ပြီး မဲဆန္ဒနယ်  ၂၃  နယ်  ခွဲခြား သတ်မှတ်ခဲ့ရာ Amman ပြည်နယ်တွင်  ငါးနယ်၊ Irbid ပြည်နယ်တွင် လေးနယ်၊ Zarqa ပြည်နယ်တွင် နှစ်နယ်၊ ကျန်ပြည်နယ်ကိုးခုတွင်  တစ်နယ်စီနှင့် Badia ပြည်နယ်တွင် သုံးနယ် စသည်ဖြင့် ခွဲခြား သတ်မှတ်ထားသည်။  ပါတီများမှ  မဲဆန္ဒနယ် တစ်နယ်တွင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် လောင်း သုံးဦးတင်သွင်းခွင့်ရှိပြီး မဲဆန္ဒနယ်တစ်ခုစီ အတွက် သတ်မှတ်အရေအတွက်ထက် ကျော်လွန်၍ တင်သွင်းခွင့်  မရှိပါ။

 


ကိုယ်စားလှယ်လောင်းအမည်စာရင်း
တင်သွင်းခြင်း


မဲစာရင်းတွင်ပါဝင်၍ ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် အသက် ၃၀ နှစ်ပြည့်ပြီးသူဖြစ်ပြီး အနည်းဆုံး ၁၀ နှစ် ဂျော်ဒန်နိုင်ငံတွင်  အခြေချ နေထိုင်သူများသည် ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း အား   ခရိုင်ရွေးကောက်ပွဲကော်မတီ  (District Election Committee - DEC)တွင် တင်သွင်းရပြီး နိုင်ငံတော်  ဘဏ္ဍာအခွန်ငွေအဖြစ်   ၅၀၀  ဒီနာ (dinar) (USD ၇၀၂.၂၂) ပေးသွင်းရမည်ဖြစ်သည်။ လူမွဲအဖြစ် သတ်မှတ်ကြေညာထားခြင်းခံရသူများ၊ နိုင်ငံရေးပြစ်မှု  မဟုတ်ဘဲ တစ်နှစ်ထက်ပို၍ ထောင်ဒဏ်ကျခံနေရသူနှင့်  လွတ်ငြိမ်းချမ်းသာ ခွင့်မရရှိသေးသူ၊  စိတ်ပေါ့သွပ်နေသူများ၊  အထူး ဥပဒေပြဋ္ဌာန်းချက်အရ ဘုရင်နှင့် ဆွေမျိုးတော်စပ် သူများ၊ အစိုးရဝန်ထမ်းများ၊ အစိုးရပိုင် သို့မဟုတ် အစိုးရမှ ထိန်းချုပ်ထားသောကုမ္ပဏီ၊ အဖွဲ့အစည်း များမှဝန်ထမ်းများ (ခြွင်းချက်အနေဖြင့် အစိုးရပိုင် မြေ သို့မဟုတ် အစိုးရပိုင်အဆောက်အဦပေါ်တွင် ရှိသော ပုဂ္ဂလိကပိုင်ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများမပါဝင်ပါ)သည် ကိုယ်စားလှယ်လောင်း အဖြစ်  ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။    ထို့ပြင် ဝန်ကြီးများ၊  အစိုးရဝန်ထမ်းများ၊  မြို့တော်ဝန်များ၊ ကောင်စီဥက္ကဋ္ဌများနှင့်      အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ          ဝင်ရောက်ယှဉ်ပြိုင်လိုပါက ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံးရက်ပေါင်း ၆၀ အတွင်း လက်ရှိရာထူးတာဝန်မှ နုတ်ထွက်ရပါသည်။


(ဆက်လက်ဖော်ပြပါမည်)