
နေပြည်တော် မတ် ၇
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေ အသိပညာပြန့်ပွားရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး ဥပဒေ စာအုပ်စာတမ်းများ ပြုစုထုတ်ဝေဖြန့်ဖြူးခြင်း၊ သုတေသနစာတမ်းများပြုစုခြင်း၊ စာတမ်း ဖတ်ပွဲများကျင်းပခြင်း၊ မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System Website) တွင် ဥပဒေများ လွှင့်တင်ပေးခြင်း၊ ဥပဒေပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းစသည့် ဥပဒေအသိပညာဖြန့်ဖြူးရေးလုပ်ငန်းများကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်ချက်များအနက် ဥပဒေရေးရာဝန်ကြီးဌာနက ပြုစုထုတ်ဝေသည့် ဥပဒေပညာဗဟုသုတမှတ်စုများ (တရားမကျင့်ထုံးဥပဒေ) စာအုပ်တွင် ဥပဒေပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ရာ စီရင်ထုံးများအား ပူးတွဲလျက်လေ့လာနိုင်ရန် စီစဉ်ထားပါသဖြင့် ဖတ်ရှုလေ့လာ သင့်သော အဖိုးတန်စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဥပဒေပညာဗဟုသုတမှတ်စုများ (တရားမကျင့်ထုံးဥပဒေ) စာအုပ်ကို ဥပဒေ ပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူ များနှင့် ဥပဒေပညာကိုစိတ်ဝင်စားသူများ ဖတ်ရှုလေ့လာအသုံးပြုနိုင်ရန်ရည်ရွယ်၍ ဥပဒေ ရေးရာဝန်ကြီးဌာနက ပြုစုထုတ်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်