
နေပြည်တော် အောက်တိုဘာ ၁၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး တစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ တို့သည် ယနေ့ ညနေ ၆ နာရီခွဲတွင် Air China လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
အဆိုပါ လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။
အထောက်အကူပြုမည်
ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ယခုအခါတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ် ထားသော ဦးတည်အုပ်စုအသီးသီးကို ကာကွယ်ဆေးထိုးနှံနေပြီဖြစ် ပါသဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါထိန်းချုပ်ရေး၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများမြှင့်တင်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခု လှူဒါန်းသည့် ကာကွယ်ဆေးများသည် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ် များအား ထိုးနှံပေးမည်ဟု သိရှိရပါသဖြင့် မြန်မာနိုင်ငံ၏ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ သယ်ယူ ပို့ဆောင်ရေး၊ မူဆယ်-ရွှေလီနယ်စပ်ဂိတ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတည်ဆောက်ရေး အစရှိသည် တို့တွင် ပူးပေါင်း လုပ်ဆောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ စဉ်ဆက်မပြတ် ဖော်ဆောင်နေသော ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်ခြင်းနှင့် ဝယ်ယူခြင်းများ တွင် အကူအညီပေးခြင်းအပြင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်မှ မြန်မာ နိုင်ငံတွင် ကာကွယ်ဆေးအရည်ဖြည့်ထုပ်ပိုးပြီး ပူးပေါင်းထုတ်လုပ်ရန် လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်းနှင့် ကောင်းမွန်သည့်ရလဒ် ရရှိနိုင်ရန် မျှော်လင့်ပါကြောင်း၊ အဆွေတော်ပြည်ထောင်စုဝန်ကြီးနှင့် တကွ ကျန်းမာရေးဝန်ကြီးဌာနမှ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ကြီးမားသည့် ကြိုးပမ်းဆောင်ရွက်မှုများအတွက် လေးစားပါကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ၅၀ ရာခိုင်နှုန်းရရှိရေး၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ငါးရာခိုင်နှုန်းအောက်အထိကျဆင်းရေး ရည်မှန်းချက်ဖော်ဆောင်ရာတွင် အဆွေတော်နဲ့အတူ ရင်းနှီးစွာ ချိတ်ဆက်ပြီး တရုတ်နိုင်ငံမှ တတ်စွမ်းသမျှ ကူညီပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
လက်ခံရရှိ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ဦးဆောင်မှုဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဟန့်တားနိုင်ရန် ကာကွယ်ဆေးများအား အချိန်နှင့်တစ်ပြေးညီ ထိုးပေး နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကာကွယ်ဆေးများအား မိမိတို့မှ ဝမ်းမြောက်စွာ လက်ခံရရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မိမိတို့ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်း သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Dose ပမာဏ ၃ ဒသမ ၅ သန်းအားလည်း လက်ခံရရှိခဲ့ပြီး အဆိုပါကာကွယ်ဆေးများအား National Vaccine Deployment Plan အရ ဦးစားပေးအုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင် ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဖော်ဆောင်လျက်ရှိပြီး တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်တွင်လည်း ကပ်ရောဂါကာလအတွင်း နှစ်နိုင်ငံပြည်သူများ အသွားအလာ ထိန်းချုပ်ခြင်းနှင့် ကူးစက်မှုလျော့ပါးစေရေးအတွက် လှူဒါန်းရရှိထားသော Sinopharm ကာကွယ်ဆေးများအနက် တစ်သန်း ကို ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် နယ်စပ်ဒေသနေထိုင်သူများ အား ထိုးနှံပေးလျက်ရှိပါကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို ပြည်တွင်းလိုအပ်ချက်နှင့်အညီ အချိန်နှင့်တစ်ပြေးညီရရှိနိုင် ရန်အတွက် မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာပံ့ပိုးမှုဖြင့် Ready to Fill Bulk(RTF) စနစ်အသုံးပြုကာ ထုတ်လုပ်ရန်ပြင်ဆင်နေမှုများအားလည်း ရှေ့ဆက်၍ အောင်မြင်စွာလုပ်ဆောင်နိုင်ရန်နှင့် ဆက်လက် ကူညီပံ့ပိုးပေးရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏ခေါင်းဆောင်မှုနှင့် သံရုံးမှအဖွဲ့ဝင် များ၏ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အချိန်မီ ရောက်ရှိစေရေး မနားမနေ ကြိုးစားဆောင်ရွက်မှုများအား မိမိအနေဖြင့် အသိအမှတ်ပြု၍ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး လာမည့်ကာလများတွင် လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ရှိစွာဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအား စည်းလုံးညီညွတ်စွာ အတူတကွ တိုက်ထုတ်ရန် ဆက်လက်၍ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
လက်မှတ်ရေးထိုး
ထို့နောက် လွှဲပြောင်းလက်ခံသည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာအား နှစ်ဖက်လက်မှတ်ရေးထိုး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ယနေ့ ရောက်ရှိလာသည့် Sinovac ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်း မှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူ အညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။
ယနေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm ၁၄ သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၈ သန်း Doses ရောက်ရှိပြီး ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Doses ခုနစ်သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်သည်။
ဦးတည်အုပ်စုများသတ်မှတ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၂ ရက်အထိ လူဦးရေ စုစုပေါင်း ၁၀၅၉၁၆၀၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၄၂၀၁၆၃၀ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၆၃၈၉၉၇၉ ဦး ရှိပြီဖြစ်သည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၄၇၉၃၂၃၉ ကြိမ် ထိုးနှံပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနကလည်း တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်