တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်သန်း doses ထပ်မံရောက်ရှိ

 

နေပြည်တော်  အောက်တိုဘာ ၁၄  


တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှထပ်မံ၍ လှူဒါန်း သည့် Sinovac   အမှတ်တံဆိပ်   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေး  နှစ်သန်းအနက်   ပထမအသုတ် တစ်သန်းသည် အောက်တို ဘာ ၁၃ ရက်က ရန်ကုန်  အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး  ယနေ့ ညနေ ၆ နာရီတွင် ဒုတိယအသုတ်အဖြစ် Sinovac  တစ်သန်း dosesနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့       ထပ်မံ ရောက်ရှိလာသည်။

 


အဆိုပါဆေးများကို      ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီး      ဌာနမှူး ဦးဆောင်သည့်အဖွဲ့က   လက်ခံယူခဲ့ပြီး  ကာကွယ် ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ် ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊  တပ်မတော်  (လေ) နှင့်  မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့်    လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက်    ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်သည်။

 


ယနေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထား သော COVISHIELD နှစ်သန်း၊ Sinopharm ၁၄ သန်း၊ Sinovac  နှစ်သန်း  စုစုပေါင်း  ၁၈  သန်း  doses ရောက်ရှိပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  အိန္ဒိယ နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   doses  (၈)  သန်းကျော်ကိုလည်း   လက်ခံရရှိပြီး ဖြစ်သည်။

 


 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စု များသတ်မှတ်၍  ထိုးနှံပေးလျက်ရှိရာ  အောက်တိုဘာ  ၁၃  ရက်အထိ လူဦးရေစုစုပေါင်း ၁၀၇၅၁၇၆၀ကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်   ထိုးနှံပြီးစီးသူ   ၄၂၆၆၄၈၄   ဦးနှင့်  ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၄၈၅၂၇၄ ဦး ရှိပြီဖြစ်သည်။

 


သို့ဖြစ်ပါ၍   အောက်တိုဘာ  ၁၃  ရက်အထိ   မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၅၀၁၈၂၄၆ ကြိမ် ထိုးနှံပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့်   မိမိအတွက်ရရှိလာသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး    သတ်မှတ်ကာလအတွင်းတွင်    နီးစပ်ရာ    ကာကွယ်ဆေး ထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်    တက်ကြွစွာ     ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။ 


သတင်းစဉ်