
ပေကျင်း မတ် ၂၃
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကာဇက်စတန် နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်လျက်ရှိသော ရှင်းကျန်ဝေဂါ (Xinjiang Uygur) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အရေးကြီးသော ဝင်ပေါက် တစ်ခုဖြစ်သည့် အလက်စ်ရှန်ကူ (Alashankou)နယ်စပ်ဂိတ်၌ လယ်ယာထွက်ကုန်များနှင့် အခြားကုန်ပစ္စည်းများကို လျင်မြန်စွာ အကောက်ခွန် ရှင်းလင်းနိုင်ရေးအတွက် အစိမ်း ရောင်လမ်းကြောင်း (Green Channel) ကို တရားဝင်ဖွင့်လှစ်ထားကြောင်း ဒေသဆိုင်ရာ အစိုးရထံမှ သိရသည်။
အထူးလမ်းကြောင်းဖြစ်သည့် အစိမ်းရောင် လမ်းကြောင်းကို စမ်းသပ်လည်ပတ်မှု၏ ပထမ ပတ်အတွင်း အလက်စ်ရှန်ကူနယ်စပ်ဂိတ်ကို ဖြတ်သွားသည့် ကားအစီးရေ ၁၈၃၄ စီးရှိကာ ပြီးခဲ့သည့် သီတင်းအပတ်ကထက် ၃၆ ဒသမ ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပို့ကုန်/သွင်းကုန် ပမာဏမှာ တန်ချိန် ၁၇၅၀၀ ဖြင့် ပြီးခဲ့သည့် သီတင်းအပတ်က ထက် ၃၅ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အကောက်ခွန်ရှင်းလင်းခြင်း အတွက် သယ်ယူထောက်ပံ့ပို့ဆောင်စရိတ်များ လျော့ကျသွားသောကြောင့် နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်နှင့် အခြားကုန်ပစ္စည်းများ ကုန်သွယ်မှုတိုးမြှင့်လာကာ စီးပွားရေးလုပ်ငန်း များ ပိုမိုတိုးချဲ့လာနိုင်ကြောင်း Global Times သတင်းဌာနက ဖော်ပြထားသည်။ ပိုးလမ်းမ စီးပွားရေးရပ်ဝန်း (Silk Road Economic Belt)ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လာသည် နှင့်အမျှ အလက်စ်ရှန်ကူနယ်စပ်ဂိတ်တွင် လျင်မြန်သော အကောက်ခွန် ရှင်းလင်းရေး လမ်းကြောင်း ကျင့်သုံးခြင်းဖြင့် တရုတ်နိုင်ငံနှင့် အာရှတိုက်အလယ်ပိုင်း နိုင်ငံများအကြား ရောင်းလိုအားနှင့် ဝယ်လိုအား အလားအလာ များကို တွန်းအားပေးရန်နှင့် လယ်ယာ ထွက်ကုန် နှင့် အခြားကုန်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ် နိုင်ရေးအတွက်လည်း စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရက ပြောကြားသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊