တရုတ်ဈေးကွက်အနေအထားကို သိရှိနိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေ ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၁၄၀ အထိ ဈေးရရှိ

 

ရန်ကုန်    မေ    ၁


တရုတ်နိုင်ငံရှိ ဈေးကွက်အနေအထားကို သိရှိ နိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၄၀ အထိ ဈေးရရှိနေကြောင်း  သရက်တင်ပို့နေသည့် သစ်သီးပွဲရုံတစ်ရုံမှ သိရသည်။
လက်ရှိတွင် ၎င်းတို့အနေဖြင့်  ပြည်တွင်းထွက် သရက်သီး  တန် ၃၀ ခန့် တရုတ်ဘက်သို့စမ်းသပ်တင်ပို့ထားပြီး  လက်ရှိပေါက်ဈေးအရ  ဈေးနှုန်းမှာ ၁၆  ကီလိုတစ်ခြင်းကို   ယွမ် ၁၀၀ မှ  ၁၄၀ အတွင်း ရောင်းနေရကြောင်းလည်း   အဆိုပါ   သစ်သီးပွဲရုံမှ တာဝန်ရှိသူက ပြောသည်။
“အခုကတော့ တရုတ်ကို သရက်စမ်းသပ်ပို့နေတဲ့ အနေအထားမှာရှိတယ်။  ဈေးနှုန်းကတော့ ၁၆ ကီလို တစ်ခြင်းကို      ယွမ်   ၁၀၀  ကနေ    ၁၄၀ အတွင်း ရောင်းရတယ်။  တစ်ခြင်းကို   အလုံး ၅၀ လောက် ပါတယ်။ 
ဈေးနှုန်းကတော့ ပုံမှန်လောက်တော့ရှိတယ်။ တစ်ခု က လမ်းခရီးကြန့်ကြာမှုတွေလည်းရှိတော့ အသီးက မလတ်ဆတ်တာ​တွေဆိုရင်   ရေရှည်အတွက်တော့ အန္တရာယ်ရှိတယ်။    အသီးမှည့်လာပြီဆိုရင်တော့ ဈေးနှုန်းကမရနိုင်ဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိ     တရုတ်ဘက်သို့          မိုင်းလားဘက် လမ်းကြောင်းမှ သရက်သီးတင်ပို့နေရပြီး လမ်းခရီး အနေဖြင့် လေးရက်ခန့်အထိ ကြာမြင့်၍ သရက်သီး အရည်အသွေးကောင်းမွန်မှသာ ဈေးကောင်းရရှိနိုင် ပြီး   ကုန်ကျစရိတ်၊   ရာသီဥတုအပူချိန်၊   လမ်းခရီး ကြန့်ကြာမှုကြောင့်   ပြည်ပသို့တင်ပို့ရန်  ဈေးကွက် အခြေအနေကို စောင့်ကြည့်မှုများရှိနေသည်။
မြန်မာ့သရက်သီးကို   ဧပြီလမှစ၍    ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး တရုတ်ဘက်သို့ ပြီးခဲ့သည့် နှစ်များတွင် တစ်ရက်လျှင် တန်ချိန် ၂၀၀၊ ၃၀၀ ခန့် အထိ    တင်ပို့မှုများရှိခဲ့သော်လည်း  ယခုနှစ်အတွင်း လမ်းခရီးကြန့်ကြာမှု၊ ခရီးစရိတ်မြင့်မားမှုများ အစ ရှိသဖြင့်  အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ် သာ တင်ပို့နိုင်ကြောင်း သိရသည်။
“အခုကတော့ အရင်နှစ်တွေကလို တစ်ရက်ကို တန်ချိန် ၂၀၀၊ ၃၀၀ သွားတာမဟုတ်ဘူး။ တန်ချိန် နည်းနည်းစီပဲ   ပို့နိုင်တယ်။   ဈေးကွက်ကလည်း မဆိုးပါဘူး၊ ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။
သရက်စိုက်     တောင်သူများအနေဖြင့်လည်း မြေဩဇာ၊ အိတ်စွပ်ခ၊ အလုပ်သမားငှားရမ်းခအပြင် အဘက်ဘက်မှ ကုန်ကျစရိတ်မြင့်မားလာမှုကြောင့်  သရက်ဈေးကောင်းရရှိစေလိုသည့် ဆန္ဒရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း ပြည်ပသို့တင်ပို့ရန် ခရီးစရိတ် မြင့်မားမှုများရှိသလို  နယ်စပ်မှ  တင်ပို့မည်ဆိုလျှင် လည်း လမ်းခရီးကြန့်ကြာမှုများရှိသဖြင့် ဈေးကွက် ထဲသို့ရောက်ရှိချိန်တွင် အသီးမလှတော့ဘဲ နာသွား ပါက    ဈေးကောင်းမရရှိနိုင်တော့၍     ပြည်တွင်း ဈေးကွက်ပိုဖြစ်ရန် အလားအလာရှိသည်ဟု ထင်မြင် မိကြောင်း  မြန်မာနိုင်ငံ သရက်သီးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ    တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။                                    

 MT