တရုတ်ဘက်သို့ တင်ပို့နေသော မြန်မာ့ဖရဲသီး အရောင်းအဝယ်ကောင်းလာပြီး ဈေးနှုန်းပြန်တက်လာ

 

မူဆယ်   ဖေဖော်ဝါရီ   ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်      ကျင်စန်းကျော့- ဝမ်တိန် ကုန်သွယ်ရေးဂိတ်မှတစ်ဆင့်  တရုတ်နိုင်ငံဘက် သို့    တင်ပို့ရောင်းချနေသော    မြန်မာ့ဖရဲသီးနှင့် အစေ့မဲ့အသီးများ   အရောင်းအဝယ်ကောင်းလာပြီး သစ်သီးဈေးနှုန်းများ    ပြန်လည်မြင့်တက်လာ ကြောင်း   နယ်စပ်သစ်သီးလုပ်ငန်းရှင်များထံမှ သိရသည်။
သစ်သီးလုပ်ငန်းရှင်များ၏ ပြောကြားချက် အရ ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဘက် မှ တရုတ်နိုင်ငံဘက်သို့ တစ်ရက်လျှင် ဖရဲသီးကား အစီးရေ ၁၅၀ နှင့် ၁၇၀ ကြား  ဝင်ရောက်နေသော် လည်း ဖရဲသီးနှင့်    အစေ့မဲ့အသီးများဈေးနှုန်း ပြန်လည်မြင့်တက်လာပြီး       အရောင်းအဝယ် ကောင်းလာကြောင်း    သိရသည်။    ဖေဖော်ဝါရီ ၉ ရက်က ဖရဲသီး(855)  တစ်ကီလိုဂရမ်လျှင်  အမြင့်ဆုံးဈေး ၃ ဒသမ ၂ ယွမ်၊ အရည်အသွေး အကောင်းဆုံး သခွားမွှေး တစ်ကီလိုဂရမ်လျှင်  ၅ ဒသမ ၈ ယွမ်မှ  ၆ ယွမ်ကြားနှင့်  အစေ့မဲ့အသီး တစ်ကီလိုဂရမ်လျှင် ၅ ဒသမ ၄ ယွမ် ဈေးရခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နောက်ပိုင်းမှစ၍  လက်ရှိ အချိန်အထိ  ဖရဲသီး(855) တစ်ကီလိုဂရမ်လျှင်  အမြင့်ဆုံးဈေး  ၄ ဒသမ ၂ ယွမ်အထိ မြင့်တက် လာကြောင်း၊  အစေ့မဲ့အသီးမှာ တစ်ကီလိုဂရမ် လျှင် ၅ ဒသမ ၇ ယွမ်အထိ  မြင့်တက်လာ ကြောင်း၊ သခွားမွှေးမှာမူ တစ်ကီလိုဂရမ်လျှင် ၅ ဒသမ ၈ ယွမ်မှ  ၆ ယွမ်ကြား  ယခင်ဈေး အတိုင်းရှိကြောင်း နယ်စပ်သစ်သီးကုန်သည် တစ်ဦးထံမှ သိရဿည်။
ထို့ပြင် Border Trade 2.0 Systemကို ထပ်မံအဆင့်မြှင့်တင်ပေးထားပြီး   မြှင့်တင် သည့် အဓိကအချက် လေးချက်ဖြစ်သော ခါလီတန်ချိန်၊ ကုန်ချရမည့်ဆိပ်ကမ်း၊ သစ်သီး တင်ဆောင်လာသော ယာဉ်ပုံများနှင့် ရောဂါ ပိုးမွှားဆေးစစ်ချက်    မှတ်တမ်းများကိုလည်း အချက်အလက်           မှတ်တမ်းတင်ပြီးပါက နောက်တစ်ကြိမ်          တရုတ်နိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်သည့်အခါ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်ကြောင်း လည်း   နယ်စပ်ကုန်သည်လုပ်ငန်းရှင်များထံ မှ သိရသည်။     ထိုသို့  ဒေသထွက်ဖရဲသီးနှင့် အစေ့မဲ့အသီးများ    အရောင်းအဝယ်ကောင်း လာပြီး    ဈေးနှုန်းမြင့်တက်လာသောကြောင့် ဒေသခံ  သစ်သီးစိုက်တောင်သူများ စီးပွားရေး အဆင်ပြေ       ချောမွေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။                        

ခရိုင်(ပြန်/ဆက်)