တရားမဝင်ကုန်ပစ္စည်းများနှင့် သစ်မျိုးစုံ သိမ်းဆည်းရမိ

နေပြည်တော်    ဇန်နဝါရီ   ၉


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး          ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ  ၅ ရက်နှင့် ၆ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တော ဦးစီးဌာနကဦးဆောင်၍ ပူးပေါင်းအဖွဲ့က ပုသိမ်ခရိုင်  ပုသိမ်မြို့နယ်  ကိုးဆူ စစ်ဆေးရေးဂိတ်နှင့် ရေကြည်မြို့နယ် မိဿလင်ကျေးရွာအနီး  တို့တွင်    တရားမဝင်သစ်များသယ်ဆောင်လာကြောင်း   သတင်းအရ ပိတ်ဆို့စစ်ဆေးခဲ့ရာ ကျွန်းသစ် ၅၃ တန်နှင့် ပျဉ်းကတိုးသစ် ရှစ်တန်  စုစုပေါင်း သစ်ခွဲသား ၆၁ တန်ခန့်ကို  စစ်ဆေးတွေ့ရှိ  သိမ်းဆည်းရမိ ခဲ့သည်။


ထို့အတူ ဇန်နဝါရီ ၇ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်  တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့က တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာ နေလသစ္စာပူးပေါင်း  စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးခဲ့ရာ သင်္ဂဒူသစ်ခွဲသားဆိုဒ်စုံ  ၁ ဒသမ ၈ တန်ခန့်အား သိမ်းဆည်းရမိခဲ့သည်။


အလားတူ ဇန်နဝါရီ ၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများ အားစစ်ဆေးခဲ့ရာ     သွင်းကုန်ကြေညာလွှာတွင်   ပါဝင်ခြင်းမရှိသော လုပ်ငန်းသုံး    သစ်ပုံဖော်စက်    လေးလုံး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀)ခန့်အားလည်းကောင်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း  ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၀၀၀၀၀) ခန့်အားလည်းကောင်း၊ လူသုံးကုန်ပစ္စည်း ၂၁ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၂၅၀၀)ခန့်အား လည်းကောင်း    စုစုပေါင်းအမှုတွဲ သုံးခု   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၇၂၅၀၀)ခန့်အား သိမ်းဆည်းရမိခဲ့ပြီး  အမှုတွဲဖွင့်လှစ်  အရေးယူ ဆောင်ရွက်ခဲ့သည်။


ထို့အတူ ဇန်နဝါရီ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင် နှင့်    သာယာဝတီခရိုင်အတွင်းရှိ    ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ  ၆ ဒသမ ၃၅ တန် သိမ်းဆည်းရမိခဲ့သည်။


သို့ပါ၍ ဇန်နဝါရီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၉ ရက်များတွင်  သစ်မျိုးစုံ ၆၉ ဒသမ ၁၅ တန်အားလည်းကောင်း၊ ဇန်နဝါရီ ၈ ရက်တွင် အမှုတွဲ သုံးခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၇၂၅၀၀) ခန့်အားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး     ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။ 


သတင်းစဉ်