
မြင့်မောင်စိုး
အခုတလော တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရမိမှု သတင်းများ သတင်းစာများတွင် ခပ်စိတ်စိတ်တွေ့ လာရသည်။ ဖမ်းဆီးဆောင်ရွက်မှုအနေအထား၊ ဖမ်းဆီးရမိမှုတို့မှာလည်း ထူးခြားသောအစီအမံ တစ်ခုဖြင့် ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ဤသည်မှာ ထူးခြားချက်ဖြစ်သည်။တစ်နည်းအားဖြင့် တရားမဝင် ကုန်သွယ်မှုကို ထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရခြင်းပင်ဖြစ် သည်။
တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ် ရေးကို ပုံမှန်အားဖြင့် ရေပူနှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတို့၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက်တို့တွင် ကုန်တင် ယာဉ်များကို စစ်ဆေးရေးစခန်းများ၌ စစ်ဆေးနေ ခြင်းပင်ဖြစ်သည်။
ဥပဒေနှင့်အညီ အရေးယူနိုင်ရေး
ပြီးခဲ့သည့်ရက်ပိုင်းမှစပြီး ထိုစစ်ဆေးရေးစခန်း များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးတို့၌ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၏ စီမံခန့်ခွဲမှုဖြင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ယင်းတို့ တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တောဦးစီး ဌာနများက ဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့်လည်း တရားမဝင် သစ်ဖမ်းဆီး ရမိမှုမှာ သိသိသာသာ တိုးတက်လာသည်ကို သတိ ပြုမိသည်။ ထို့ကြောင့်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက် မှ ၉ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင်ကျွန်း ၁၀၉ ဒသမ ၉၆၃၈ တန်၊ သစ်မာ ၃၇ ဒသမ ၆၄၁၄ တန်၊ အခြား ၁၃၂ ဒသမ ၅၂၂၇ တန် စုစုပေါင်း ၂၈၀ ဒသမ ၁၂၇၉တန်၊ တရားခံ ၃၀၊ ယာဉ်/ယန္တရား ၁၉ စီး ဖမ်းဆီးရမိကြောင်း သိရသည်။
ဤအချက်ကို ထောက်ရှုလျက်တရားမဝင် ကုန် ပစ္စည်းဟုဆိုရာတွင် ယခင်ကတရုတ်နှင့် ထိုင်းနယ် စပ်တို့မှ တရားမဝင်တင်သွင်းလာသော လူသုံးကုန် ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်းများသာမက ပြည်ပသို့တရားမဝင်တင်ပို့ရန်ကြိုးပမ်းသည့်ကျွန်းသစ်နှင့်သစ်မာများလည်း ပါဝင်လာသည်ကို တွေ့ရ သည်။ ထို့အပြင် သစ်တောထွက်ပစ္စည်းနှင့် တောရိုင်းတိရစ္ဆာန်များကိုလည်း တရားမဝင် တင်ပို့ပါက ဖမ်းဆီးအရေးယူလျက်ရှိသည်ကို တွေ့ရသည်။
ကုန်သွယ်မှုလမ်းကြောင်းများ
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလမ်း ကြောင်းများကို လေ့လာကြည့်လျှင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်းလမ်းကြောင်းတို့မှ အများဆုံး ဖြစ်သည်။ အနောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ရှိသော်လည်း နည်းသည်။ မြန်မာနိုင်ငံမှ ထွက်သော ဆန်၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်တို့လောက်သာ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ နေခြင်း ဖြစ်သည်။ မကြာသေးမီကမှ ရေထွက်ပစ္စည်း များလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။ အဓိ က ကုန်းလမ်းကြောင်း ကုန်သွယ်မှုမှာ တရုတ်နှင့်ထိုင်းနယ်စပ်တို့ဖြစ်သည်။
ရေလမ်းကြောင်း ကုန်သွယ်မှုကို ကြည့်လျှင် ဆိပ်ကမ်းများသည် အများဆုံးဖြစ်သည်။ အထူး သဖြင့် ကုန်ဆိပ်ကမ်းများသို့ ပင်လယ်ကူး သင်္ဘောကြီးများဆိုက်ကပ်လျက်ရှိသဖြင့် ကုန်သွယ် မှုပမာဏအများဆုံးဖြစ်သည်။ မကြာသေးမီက ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုဖြစ်သည့် မြန်မာ့စက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တရုတ် နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများကို စစ်ဆေးရာတွင် သွင်းကုန်ကြေညာလွှာ မပါရှိသော ပစ္စည်းများ ဖမ်းဆီးရမိသည်ဆိုသော သတင်းကို လည်းဖတ်လိုက်ရသည်။ ဤအချက်ကို ထောက်ဆ လျက် တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းရာတွင် နယ်စပ်လမ်းကြောင်းများသာမက ဆိပ်ကမ်း များတွင်လည်း ထိထိရောက်ရောက် စစ်ဆေးကြပ် မတ်သင့်ကြောင်း လေ့လာတွေ့ရှိရပေသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သေတ္တာများအတွင်း ထည့်သွင်းထားသော ပစ္စည်းများတွင် တရားဝင် ပစ္စည်းများဖြစ်သလို တရားမဝင် အထောက် အထားမဲ့ပစ္စည်းများလည်း ရောပါလာနိုင်သည်။ ထိုအခါ ရသင့်ရထိုက်သော အခွန်အကောက်များ မရဘဲ တိုင်းပြည်အတွက် များစွာနစ်နာမှု ဖြစ်နိုင် သည်။
ဤသို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးနိုင်ရေးဆောင်ရွက်နိုင်မှုကြောင့် ကောင်း မွန်သော ရလဒ်များစွာ ရှိပါသည်။ အထူးသဖြင့် လုံခြုံရေးအတွက်လည်း အထောက်အကူ ဖြစ်ပါ သည်။ ယခုအချိန်တွင် တရားမဝင် လက်နက် ခဲယမ်း များ မတင်သွင်းဖြစ်အောင် သတိပြုရမည့်အချိန် ဖြစ်ပါသည်။
ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုကိုကာကွယ်နိုင်
တစ်ချိန်တည်းမှာပင် တရားမဝင်ကုန်သွယ် မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံခြားငွေယိုစီး မှုများကိုလည်း တားဆီးနိုင်မည်ဖြစ်ပါသည်။ ထို့ အပြင် တရားမဝင် သစ်ထုတ်လုပ်နေမှုများကို တားဆီးနိုင်မှုကြောင့် နိုင်ငံဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုကိုကာကွယ်နိုင်မည့်အပြင် သစ်တော ထိန်းသိမ်းရေးအတွက်လည်း များစွာအထောက် အကူပြုနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်အကောက်များလည်း ရရှိအောင်ဆောင်ရွက် သည့် နည်းလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။
သို့ပါ၍ ကုန်သွယ်ရောင်းဝယ် ဖောက်ကားကြသူ များအနေဖြင့်လည်း မိမိတို့၏ ငွေကြေး၊ ကုန်ပစ္စည်း များ လေလွင့်ဆုံးရှုံးမှု မဖြစ်ရလေအောင် တရားဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ ကုန်သွယ်မှုပြုလုပ်ခြင်း တို့သည် အကောင်းဆုံးဖြစ်ကြောင်း အကြံပြုတိုက် တွန်းလိုပါသည်။ လိုအပ်သော စာရွက်စာတမ်း၊ မှန်ကန်သောအထောက်အထားများ ပြည့်စုံစွာရယူ ပြီး တရားဝင်ကုန်သွယ်ရေးကို အလေးထားဆောင် ရွက်ကြပါစို့ဟု အသိပေးတင်ပြလိုက်ရပါသည်။ ။
- Log in to post comments