
နေပြည်တော် ဇန်နဝါရီ ၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၄ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ရာ စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ်ရေနွေးအိုး ၄၀၀ ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၈၀၀၀၀ ကို စစ်ဆေးတွေ့ရှိ ရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ်ဆောင်ရွက် ခဲ့သည်။
အလားတူ ဇန်နဝါရီ ၅ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေး မှုများ ဆောင်ရွက်နေစဉ် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ယာဉ်များကို စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ် နိုင်ငံထုတ် Speaker ၃၁ ခု ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၅၀၀၀၀ ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ ထုတ် အမွှေးဆပ်ပြာရည်အထုပ် ၁၀၀ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀ စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၈၅၀၀၀၀ တွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ထို့အတူ မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းအနီးရှိ ရွှေဖြူရာဘာခြံ ရှောင်ကွင်း လမ်းကြားတွင် ယာဉ်တစ်စီး ရပ်တန့်ထား ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၇/၆)မိုင်အနီးရှိ လမ်းကြား အတွင်း ရပ်တန့်ထားသော ယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Dietary Supplement Product ခြောက်ပုံး ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၈၀၀၀၀၀ ကို စစ်ဆေးတွေ့ရှိ ရသဖြင့် အဆိုပါ ကုန်ပစ္စည်းများ တင်ဆောင် လာသည့် MITSUBISHI အမျိုးအစား ကုန်တင် ယာဉ် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၆၅၀၀၀၀ တို့ကို သိမ်းဆည်း၍ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၄ ရက်တွင် ဖမ်းဆီးရမိမှု တစ်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၀၀၀၀ နှင့် ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးရမိမှု လေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၆၅၀၀၀၀ ဖြစ်၍ စုစုပေါင်းဖမ်းဆီးရမိမှု ငါးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၂၃၀၀၀၀ ဖြစ်ပြီး အဆိုပါ ဖမ်းဆီး ရမိမှုများနှင့်ပတ်သက်၍ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီမှ သိရ သည်။
သတင်းစဉ်