တရားမဲ့မှုကို တရားမျှတသော တရားစီရင်ခြင်းဖြင့်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ရွေးကောက်ပွဲပြီးဆုံး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်များ ကြေညာပြီးသည့်နောက် ပြည်သူလူထုသည် ပြည်သူ့အစိုးရအဖွဲ့သစ်နှင့် နောက်ငါးနှစ်အတွက် အခြေခံမူဝါဒ လုပ်ငန်းစဉ်များကို မျှော်လင့်နေကြချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ဦးထိုက် ဇော် လုပ်ကြံခံရသည်ဟု သိရသည်။ ဦးထိုက်ဇော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မှ မဲအနိုင်ရကာ ရွေးချယ်ခံရသူ ဖြစ်ပါသည်။ သူ၏နေအိမ်ရှေ့တွင် မသမာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါသည်။
ဤလုပ်ကြံသတ်ဖြတ်မှု အဖြစ်အပျက်ကို ကြားသိရသည့်အခါ ပထမဆုံး ရင်တွင်းသို့ ရောက်ရှိလာသည့် ကောက်ချက်မှာ လွန်စွာ ကြမ်းတမ်းရက်စက်သော အကြမ်းဖက်မှု၊ လက်နက်အားကိုး နိုင့်ထက်စီးနင်းပြုမှု၊ သူရဲဘောကြောင်သော အဓမ္မမှု၊ ဒီမိုကရေစီ စနစ်ကို ခြိမ်းခြောက်မှုနှင့် ပြည်သူလူထုကို မထီမဲ့မြင်ပြု စော်ကား မှုဟု ဆိုရပါမည်။
ယခုလို လက်နက်ကိုင်ထားသူတစ်ဦးက လက်လွတ်စပယ် တရားမဲ့ ပစ်ခတ်သတ်ဖြတ်မှုကို မည်သည့်နည်းနှင့်မှ ဥပဒေက ခွင့်လွှတ်နိုင်စရာမရှိ။ တရားဥပဒေ၏ မှန်ကန်တိကျသော အစီအရင် အဆုံးအဖြတ်ကို ခံယူသင့်ပါသည်။ ဥပဒေဘက်တော်သားတို့ ဇွဲလုံ့လ ကြီးကြီးဖြင့် အမှုမှန်ဖော်ထုတ်ကာ မှန်ကန်သော တရားစီရင်ရေး စနစ်ဖြင့် အရေးယူခြင်းက လက်ငင်းတာဝန်တစ်ခုပင် ဖြစ်ပါသည်။
ယခု တရားမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းသည် ပြည်သူ့ကိုယ်စား လှယ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သောကြောင့် ဒီမိုကရေစီ စနစ်ကိုပါ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းဟု ယူသော်ရပါမည်။ မည်သို့ပင်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဖြစ်စေ၊ အခြားပါတီတစ်ခုခုမှ ကိုယ်စားလှယ်ဖြစ်စေ၊ သာမန်ပြည်သူ တစ်ဦးပင်ဖြစ်စေ မသိကျိုးကျွန်ပြု၍ထားဖို့ မထိုက်သော အမှုဖြစ်ပါ သည်။ လူတစ်ဦးကို သေနတ်ဖြင့် သေသည်အထိ ပစ်ခတ်သတ်ဖြတ် သည့် လူသတ်မှု၊ သွေးအေးအေးဖြင့် ရက်စက်မှု ဖြစ်ပါသည်။
သည်လိုအမှုကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်း ဖြင့် လက်နက်မဲ့ ပြည်သူတစ်ဦးအပေါ် လက်နက်ကိုင်ထားသူတစ်ဦး က လက်နက်အားကိုးဖြင့် တရားမဲ့ပြုချင်သလို ပြုလို့မရနိုင်ကြောင်း ကို ဖော်ပြရန် လိုပါသည်။ မြန်မာနိုင်ငံသည် ဥပဒေမဲ့ပြုမှုကို မည်သည့် နည်းဖြင့်မှ လက်မခံသည့်နိုင်ငံ ဖြစ်ရပါမည်။
ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ရုန်းကန်ကြိုးစားနေသည့် နိုင်ငံဖြစ်ပါသည်။ တိုင်းရင်း သားလူမျိုးစုံ၏ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်နေ သည့်နိုင်ငံ ဖြစ်ပါသည်။ နိုင်ငံသားတိုင်း တရားဥပဒေ၏ အရိပ် အောက်တွင် လုံခြုံအေးချမ်းစွာနေနိုင်ရန် အားထုတ်နေသည့် နိုင်ငံ ဖြစ်ပါသည်။
မည်သို့သော တရားမဲ့ပြုကျင့်မှုကိုမှ လက်မခံနိုင်ပါ။
မတရားပြုသူကို တရားမျှတစွာ စီရင်ခြင်းအားဖြင့် မတရားပြု ခံရသူနှင့် သူ၏ မိသားစုများကို လေးစားသမှုပြုရပါမည်။ မတရားမှု ပြုသူကို တရားမျှတစွာ စီရင်ဆုံးမခြင်းဖြင့် တရားမျှတသော မြန်မာ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ကြရပါမည်။ မတရားမှုပြုသူကို တရားမျှတစွာ စီရင်ဆုံးမခြင်းဖြင့် တရားမျှတသော လောကကို ထူထောင်ကြရပါမည်။
အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုကြောင့် ကွယ်လွန်ခဲ့ ရရှာသူ ဦးထိုက်ဇော်အတွက် မိသားစုနှင့်အတူ ဝမ်းနည်းယူကျုံးမရ ဖြစ်ရပါကြောင်း။ ။