
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ငပုတောမြို့နယ်တွင်လည်းကောင်း၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် အဖျောက်မြို့ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်းကောင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက် မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါ လာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျုံကူးကျေးရွာ၌ အခြေပြု၍ ဒေသခံ ပြည်သူ ၁၀၆၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေး ကုသမှုဆိုင်ရာ ရောဂါ ၃၄၀၊ ခွဲစိတ် ရောဂါ ၈၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၂ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၁၂၀၊ နား / နှာခေါင်း / လည်ချောင်း ရောဂါ ၆၅ ဦး၊ မျက်စိရောဂါ ၂၄၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၉ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိ ခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၀၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၅၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ နယ်လှည့် အထူးကုဆေးအဖွဲ့အတွက် ဆေးဝါးများ၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါ လာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည့် ယနေ့တွင် အဖျောက်မြို့လောကမာန်အောင်ဘုရားကြီး(မဟာသံတန်ဆောင်းတော်)၌အခြေပြု၍ အဖျောက် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၆ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေး ကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၈၅ ဦး၊ ခွဲစိတ်ရောဂါ ၈၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေး ရောဂါ ၂၀၊ အရိုးရောဂါ ၁၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၇ ဦး၊ မျက်စိရောဂါ ၉၉ ဦးနှင့် သွားရောဂါ ၃၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ် ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ သုံးဦး၊ ဓာတ်မှန်ရိုက်လူနာ လေးဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၃ ဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ငါးဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများ ကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေ ယာဉ်(စကု)တို့မှ ကျန်းမာရေးဆောင်ရွက် ပေးမှုအပေါ် ဒေသခံပြည်သူများ၏စကားသံ များကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-
မနော်ဟေမူးဖော ( ဒေသခံ ကျုံကူးရွာ)
သမီးက နှလုံးအောင့်တာ သုံးနှစ် ကျော်လောက် ရှိပါပြီ။ အခုက နယ်လှည့် ဆေးကုသရေးအဖွဲ့ကို လာပြတာပါ။ ရင်ထဲမှာပီတိလည်း ဖြစ်တယ်ပေါ့နော်။ ဒီလို မျိုး ကုသမှုမျိုးလည်း မခံယူဗူးဘူးလေ။ ဒါပထမဆုံးပဲ။ ပါရဂူကြီးတွေနဲ့ လာပြရ တာပေါ့နော်။ ရောဂါလည်း သက်သာသွား ပါတယ်။ အဆင်လည်း ပြေတယ်ပေါ့နော်။ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ က အခုလို လာရောက်ဆေးကုသပေးတော့ သမီးရင်ထဲမှာ အလွန်ဝမ်းသာပါတယ်။ သမီးတို့ရွာကိုလည်း ခဏခဏလာပြီး တော့ ဆေးကုသပေးစေချင်ပါတယ်။ သမီး တို့ရွာမှာ လူတွေအများကြီး ရှိပါတယ်။ ရောဂါသည်တွေလည်း အများကြီးပဲပေါ့။ အခုလိုမျိုး အခမဲ့လာကုသပေးတာလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အခုလို စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တာဝန်ရှိသူအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဦးစန်းမောင်
အမှတ်(၁)ရပ်ကွက်၊ အဖျောက်မြို့
အဘအသက်က ၇၀ ရှိပါပြီ။ အရိုး အကြော၊ အာရုံကြောအားနည်းတယ်ဆို လို့ ဒီကိုလာပြီးတော့ ပြသရခြင်းဖြစ်ပါ တယ်။ ဆေးခန်းမှာ အဘပြတဲ့ အခါကျ တော့ ဒေါက်တာက အာရုံကြောအားနည်း တယ်ဆိုလို့ ဒေါက်တာရေးပေးတဲ့ ဆေး ကို အခုဝယ်ပြီး စားနေရပါတယ်။ အဘ ရောဂါက သုံးနှစ်လောက် ဖြစ်သွားပြီ။ တပ်မတော်ဆေးကုသရေးအဖွဲ့ကနေပြီး အဖျောက်ကိုလာပြီးတော့ အခမဲ့ဆေးကုသ ပေးတဲ့အတွက် လာရောက်ပြသရခြင်းပဲ ဖြစ်ပါတယ်။ အဘပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါဝေဒနာခံစားနေရတဲ့ ပုဂ္ဂိုလ်တွေ လည်း ဒီမှာလာပြီး ဆေးကုသရေးအဖွဲ့ကို သွားပြီးတော့ စေတနာကောင်းမွန်စွာနဲ့ သူတို့ စမ်းသပ်စစ်ဆေးပေးတယ်ဆိုတဲ့ အကြောင်းကို မျှဝေပေးချင်ပါတယ်။ ဒါကြောင့်မို့ အဘတို့လို မပြည့်စုံတဲ့သူ တွေ ရန်ကုန်ဆေးရုံဆေးခန်းကြီးတွေ မသွားနိုင်တဲ့အတွက် အခုလို အခမဲ့ လာရောက်ကုသပေးတဲ့ တပ်မတော်ဆေး ကုသရေးအဖွဲ့ကိုလည်း အဘအများကြီး ကျေးဇူးတင်ပါတယ်။ ။
သတင်းစဉ်