တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော်   အောက်တိုဘာ   ၉


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို  ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး    အင်းစိန်မြို့နယ်   ထန်းပင်ကုန်းရပ်ကွက်ရှိ  ဒေးဒရဲဓမ္မဝါဒီကျောင်းတိုက်၊   စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့   ဇီးဖြူကုန်းရပ်ကွက်ရှိ ဇေယျသုခကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် မြင်းခြံမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ အောင်မြေ သာစံမြို့နယ်ရှိ အဘယာရာမမိုးထိကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တိုင်းမှူးများနှင့်   တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်   ဇေယျသုခကျောင်းတိုက်ရှိ သံဃာတော်များအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် ခန္တီးတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။


၎င်းအပြင် ညောင်ဦးမြို့နယ်ရှိ ရွှေစည်းခုံစေတီ တော်မြတ်ကြီးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမောင်ကို၊   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး နဝကမ္မအလှူငွေများပေးအပ် လှူဒါန်းကာ ကိုဗစ်- ၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဘုရားဖူးလာရောက်ကြသော နေရပ်အသီးသီးမှ ဘုရားဖူးလာပြည်သူများနှင့် ဈေးရောင်းချလျက်ရှိသော    ပြည်သူများအား  ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်