
နေပြည်တော် ဇန်နဝါရီ ၄
တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေ စည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော် စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။
ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်သည် နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သမိုင်းပေးတာဝန်များကို ရဲစွမ်းပြောင် မြောက်သည့် သူရသတ္တိများနှင့် မိမိတို့၏ အသက် ခန္ဓာကို စတေးခံပြီး တိုင်းပြည်ကို အလုပ်အကျွေးပြု ခဲ့ကြသည့် နိုင်ငံသားကောင်းများကို ယခုကဲ့သို့ လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ထိုက်တန် စွာဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြုထိုက်သူ ကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်များ၊ မျိုးဆက်သစ် တပ်မတော်သားများအနေဖြင့်လည်း အားကျအတုယူစေရန်ပင် ဖြစ်ကြောင်း။
မော်ကွန်းထိုးထားဆဲဖြစ်
တိုင်းပြည်တစ်ခုအတွက် ကိုယ်ပိုင်လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာဆိုသည်မှာ အလွန်အရေးကြီးသည့်အရာများပင်ဖြစ်ကြောင်း၊ တိုင်းပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ ကြသူများအတွင်း၌ မျိုးချစ်တိုင်းရင်းသားပြည်သူများသာမက ရဟန်းသံဃာများအထိ ပါဝင်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ၎င်းတို့၏ အမည်များသည် “အာဇာနည်မျိုး သေရိုးမရှိ” ဟူသည့်အတိုင်း ယနေ့တိုင် မြန်မာ့သမိုင်းမှတ်တမ်း တွင် မော်ကွန်းထိုးထားဆဲဖြစ်ကြောင်း၊ လွတ်လပ် ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်ခဲ့သည့် ခေတ်သစ် မြန်မာ့တပ်မတော်သည် “ရဲသော်မသေ သေသော် ငရဲမလား” ခံယူချက်နှင့်အညီ အာဇာနည်ထုံး နှလုံးမူပြီး သူရဲကောင်းမြောက်မြားစွာကို မွေးထုတ် ပေးခဲ့ကြောင်း၊ ထိုကဲ့သို့ မျိုးချစ်သူရဲကောင်းများ ၏ အမည်နာမများသည် မည်သည့်အခါမျှ တိမ်မြုပ်ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ခေတ် အဆက်ဆက် အမိမြန်မာနိုင်ငံတော်ဆိုသည့် ပန်းဥယျာဉ်ကြီးအတွင်း၌ ထာဝရသင်းပျံ့နေမည်ပင် ဖြစ်ကြောင်း။
နိုင်ငံတော်ကိုလုံခြုံအောင် ကာကွယ်
အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ကောင်းမွန်စွာ လုပ်ကိုင်စားသောက် လိုသူများပင်ဖြစ်ကြကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုလုံခြုံအောင် ကာကွယ်ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး စောင့်ရှောက်လျက်ရှိ ကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများချမှတ် ပြီး ဆောင်ရွက်နေခြင်းသည် အမျိုးသားနိုင်ငံရေး တာဝန်များကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှ ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေး မသမာမှုဖြစ်သော မဲမသမာမှု ဖြစ်စဉ်များကြောင့် တပ်မတော်က (၂၀၀၈ ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ခေတ္တ ထိန်းသိမ်းပေးခဲ့ရသည်မှာ ယခုဆိုပါက ၁ နှစ် သက်တမ်းပြည့်မြောက်တော့မည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ပြီး နိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတွင်း၌ ချမှတ် ထားသည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟူသည့်အချက်သည် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာပါက ငြိမ်းချမ်းရေးကို မည်မျှ အလေးထားသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။
မှတ်တမ်းတင်ဂုဏ်ပြု
အများသူငါ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့် တာဝန်များကို စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူများအတွက် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို မင်္ဂလာတရားတော်နှင့်အညီ နှစ်စဉ် နှစ်တိုင်း လွတ်လပ်ရေးနေ့အခါသမယတွင် ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့် လူမျိုး အတွက် အခက်အခဲကို အမှုမထားဘဲ အသက် စွန့်လွှတ်မှု၊ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက် သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဆောင်ရွက် မှု၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှု တို့အတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြသူများအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားလိုကြောင်း။
တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ခဲ့သည့် အခမ်းအနား၌ သရေ စည်သူဘွဲ့ရရှိသူ ၁ ဦး၊ စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦးတို့ကို ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိသူ ၆ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ် (ပထမ)ဆင့် ရရှိသူ ၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၂ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ၂ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို ချီးမြှင့်ပေးသွားမည် ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၄၀ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ၈၂ ဦး တို့ကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွား မည်ဖြစ်ကြောင်း။
မျိုးဆက်သစ်များအနေဖြင့် ရှင်မဟာရဋ္ဌသာရ၏ ဂမ္ဘီသာရပျို့လာ “ရဲရေး ရောက်သော်၊ ရွံ့ကြောက်မဲ့ တွန်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘာန်ယက္ခ၊ နာဂ ခြင်္သေ့၊ ရင်ဆိုင် တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့” ဟူသည့် စိတ်များဖြင့်
အသက်ခန္ဓာနှင်းအပ်ကာ ရည်မှန်းချက်တာဝန်များ ကို မတွန့်မဆုတ် ကျေပွန်အောင် ထမ်းဆောင် ခဲ့ကြသည့် ရဲဘော်ရဲဘက်များ၏ ယုံကြည်ချက် ခံယူချက်ကောင်းများကို အားကျအတုယူကာ နိုင်ငံတော်က အားကိုးရပြီး ပြည်သူလူထုက လေးစားအားထားရသည့် မျိုးချစ်တပ်မတော် သားကောင်းဇာနည်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
အသီးသီးပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ ဒုတိယ တပ်ကြပ် ၂ ဦး တို့ကိုလည်းကောင်း၊ သိပ္ပံပညာ ထူးချွန်တံဆိပ်(ပထမအဆင့်) ရရှိသူ ဒုတိယဗိုလ်မှူး ကြီး ၆ ဦး၊ ဗိုလ်မှူး ၂ ဦးတို့ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးတို့ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ဗိုလ်မှူး ကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးတို့ကိုလည်းကောင်း ဆုတံ ဆိပ်နှင့် လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့် သည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်း ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ၆ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၀ ဦး၊ သူရဘွဲ့ရရှိသူ ၅၄၆ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်ရရှိသူ ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၂၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ ၂၉၈၇ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၁၉၀၁ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်