
နေပြည်တော် ဇန်နဝါရီ ၆
အာရောဂျံ ပရမံ လာဘံ ဟူသည့်စကားနှင့်အညီ ကျန်းမာရေး ကောင်းမွန်ခြင်းသည် လူတိုင်းအတွက် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်” ဟူသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒလမ်းညွှန်ချက်နှင့် အညီ တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့်အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များဖြစ်သည့် ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ခေတ် အဆက်ဆက်တွင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် မဲမသမာမှု အခြေအနေများအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူဆောင်ရွက်ခဲ့ရသည်။
အခက်အခဲများ ကြုံတွေ့ခဲ့ရ
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် ပေးအပ်ထားသည့်တာဝန်များကို သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း မသမာသော သူများ၏ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှု များဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ ကြုံတွေ့ခဲ့ရပြီး ပြည်သူလူထု အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် ကျန်းမာရေးကဏ္ဍတွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့မှု ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များသာမက ဒေသခံတိုင်းရင်းသား ပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများတွင် ဒေသခံ တိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးခဲ့ရာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြင်ပလူနာ ၃၂၉၇၅၉ ဦး၊ အတွင်းလူနာ ၉၈၃၂၈ ဦး၊ မွေးလူနာ ၁၉၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းဆိုင်ရာရောဂါ၊ အရိုးအကြောဆိုင်ရာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာရောဂါ၊ နှလုံးနှင့် ဆိုင်သော ရောဂါများ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန် တွင် အတွင်းလူနာစုစုပေါင်း ၈၁၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့ သည့် ကာလများတွင်လည်း လိုအပ်သည့် ဆေးဝါး များ၊ အောက်ဆီဂျင်များ၊ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့ ပူးပေါင်း၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မား ခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရောဂါပိုးတွေ့ရှိ မှုနှုန်း ၃၃ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ရာမှ ယခု အချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းကို ပျမ်းမျှ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ကျလာအောင်ဆောင်ရွက် ပေးနိုင်ခဲ့သည်။
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH ၊ NUG အပါအဝင် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက် မှုကြောင့် CDM လှုပ်ရှားမှုတွင် ကျန်းမာရေးဝန်ထမ်း အချို့ ပါဝင်ခဲ့သည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နှောင့်နှေး စေခဲ့သည့်အပြင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့ရာတွင်လည်း ပြည်သူလူထု အနေဖြင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးသည်အထိ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။ ထို့ပြင် မြို့ပြနှင့် အလှမ်းဝေးသည့်ဒေသများတွင် ကျန်းမာရေးဝန်ထမ်း အချို့၏ CDM တွင် ပါဝင်ခဲ့မှုကြောင့် အချို့ ဆေးရုံ၊ ဆေးခန်းများ ပိတ်ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နှောင့်နှေးမှုများ များပြားစွာဖြစ်ပေါ် ခဲ့သည်။
ထိုသို့ အခက်အခဲများဖြစ်ပေါ်လာသဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော အဖွဲ့များက သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ နှင့် ကျေးလက်ဆေးပေးခန်းများသို့ သွားရောက်၍ ပိတ်ထားရသည့် ဆေးရုံ၊ ဆေးခန်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်ခဲ့ရာတွင် မသမာ သောသူများ၏ ခြိမ်းခြောက်လှုံ့ဆော်မှုများကြောင့် ကန့်ကွက်ဆန္ဒပြမှုအချို့ကို ကြုံတွေ့ခဲ့ရသည်။ ယင်းသို့ အခက်အခဲနှင့် အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း တပ်မတော်ဆေးတပ်ဖွဲ့ဝင် များအနေဖြင့် ဖွဲ့စည်းရရှိနိုင်သည့် အင်အားများကို စုဖွဲ့ကာ ပြည်သူလူထု၏အကျိုးကို ရှေးရှု၍ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးရုံမက တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့်လည်း ဒေသခံ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကိုဗစ်-၁၉ ရောဂါအပြင် အခြားရောဂါများနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့များတွင် ခေတ်မီရွေ့လျားခွဲစိတ် ကုသယာဉ်၊ ဓာတ်မှန်ရိုက်ယာဉ်များ ပါဝင်ခြင်း၊ ဆေးကုသမှုအတွေ့အကြုံများသည့် ဝါရင့်ပါရဂူများ ပါဝင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ရှိသည့် ရောဂါဝေဒနာရှင်များအား အချိန်မီ အရေးပေါ်ကုသ ပေးနိုင်ခဲ့ခြင်း၊ နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မီ ပို့ဆောင်ကုသပေးနိုင်ခဲ့ခြင်းတို့ကြောင့် ပြည်သူလူထု၏ အသက်ပေါင်းများစွာကို ကယ်တင် နိုင်ခဲ့သည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက် ၍လည်း တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူ များ၏ ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေး တွင် စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်