ထားဝယ် ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက် ညနေပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်တိုင်းရင်းသား ကိုယ်စားလှယ်များအား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များနှင့် ပတ်သက်ပြီးခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ထားဝယ်၊ ဆလုံမော်ကင်း၊ မွန်၊ ကရင် လူမျိုးများ စုစုစည်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် ပညာရေးသည် အားနည်းလျက်ရှိပြီး လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ ထိခိုက်လာနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်ပညာရေးသည်အရေးကြီးကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး ကိုယ့်အရပ်ကိုယ့်ဒေသအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့်လည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေးအပြင် ကျန်းမာရေးသည်လည်း အဓိက အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်အသင့်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော တိုင်းရင်းသား ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ရှင်းလင်း တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီး စောမာတင်လူသာက ဖြည့်စွက် ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



