
ထားဝယ် ဇွန် ၉
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုဖလား ဆွတ်ခူးရရှိသော တနင်္သာရီ တိုင်းဒေသကြီး အမျိုးသမီးလက်ဝှေ့ အဖွဲ့အား ဂုဏ်ပြုပွဲကို ထားဝယ်မြို့ တိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဇွန် ၈ ရက်က ကျင်းပသည်။
ဂုဏ်ပြုပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များကို ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသောကြောင့် ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ယခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ ပြိုင်ပွဲများတွင် အမျိုးသမီး အသင်းအနေဖြင့် ရွှေတံဆိပ်သုံးခုရရှိပြီး ပထမဆု ဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစား သွားကြရန် လိုအပ်ကြောင်း ပြောကြားပြီးနောက် တာဝန်ရှိသူ များက တံခွန်စိုက် ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အပ်နှံသည်။
ထို့နောက် အမျိုးသမီး လက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုဆု ငွေကျပ် ၂၅ သိန်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးက ဂုဏ်ပြုဆု ငွေကျပ် သုံးသိန်း၊ တိုင်းဒေသကြီး လက်ဝှေ့ ဆပ် ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းတို့ကို ဂုဏ်ပြုပေးအပ်သည်။ တနင်္သာရီ တိုင်းဒေသကြီး အမျိုးသမီး လက်ဝှေ့အဖွဲ့အနေဖြင့် တံခွန်စိုက် ဒိုင်းဆုကြီးကို ငါးနှစ် ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)