ရန်ကုန် ဖေဖော်ဝါရီ ၇
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲ များတွင် အားကစားနည်းအလိုက် ရရှိခဲ့ကြသည့် တံခွန်စိုက် ဆုဖလားများ အပ်နှံခြင်းနှင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က ၂၀၂၂ ခုနှစ် အားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့မှုများကို တင်ပြပြီး ပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အားကစားအဖွဲ့ များက တံခွန်စိုက်ဆုဖလားများ အပ်နှံကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရွှေတစ်ခုလျှင် ငွေကျပ်သုံးသိန်း၊ ငွေတစ်ခုလျှင် ငွေကျပ်နှစ်သိန်း၊ ကြေးတစ်ခုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အားကစားနည်း ၁၇ မျိုးအတွက် ငွေကျပ် ၈၅၈ သိန်း ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးသည်။
၂၀၂၂ ခုနှစ်အတွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲ၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ စုစုပေါင်းအားကစားနည်း ၂၂ နည်း ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ် ပြိုင်ပွဲ၊ သေနတ်ပစ်ပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲ များတွင် အမျိုးသား၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲများ၌ ပထမတံခွန်စိုက်ဒိုင်းဆုနှင့် ရွှေ ၅၇ ခု၊ ငွေ ၄၉ ခု၊ ကြေး ၄၇ခု ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
အာကာစိုး



