
ညောင်ဦး နိုဝင်ဘာ ၁၇
တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ ၁၇ ရက်တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များ များပြားလျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရသည်။
ရွှေစည်းခုံဘုရားကြီး၌ ဘုရားဖူးလာရောက် သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော် နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်သော်လည်း အခါကြီး ရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၈နာရီ အထိ ဖွင့်လှစ်ပေးကြောင်း ဦးသန်းမြင့်ဦးက ပြောသည်။
ဂေါပကဥက္ကဋ္ဌထားရှိသည့် ဘုရားများဖြစ်သော တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူ ဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင် ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော် ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မ ရာဇကဘုရား၊ ပြဿဒ်ကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရား ဖူးများ စည်ကားနေသကဲ့သို့ အခြားသမိုင်းဝင်ဘုရား များတွင်လည်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီ များ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများကို စိတ်ဝင်တစား လေ့လာမှုများပြားခဲ့ကြောင်း၊ တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လာရောက်သူ ၆၀၀၀ ကျော်ရှိခဲ့ကြောင်း ထီးလို မင်းလိုဘုရားဂေါပကဥက္ကဋ္ဌ ဦးတင်လှဦးထံမှ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)