တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အားသွန်ခွန်စိုက် ဆောင်ရွက်

 

မြိတ်  ဩဂုတ်  ၁၇ 


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး     ဦးစောထွန်းအောင်မြင့်   သည် တနင်္သာရီတိုင်းဒေသကြီး    တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့   နံနက်   ၁၁  နာရီတွင်   တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ရေပုန်းရပ်ကွက် ရှိ ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာသို့ သွား ရောက်ပြီး သာသနာပိုင်ဘုန်းတော်ကြီး ဘရူနိုဖီလစ် သာသနာပြုဆရာ   ဆရာမများ၊   ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  ကျောင်း သား   ကျောင်းသူများအနေဖြင့်   ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို   ငယ်စဉ် ကတည်းက   သိရှိထားကြရမည်    ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည်သာလျှင် တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ် ကြောင်း၊   မိမိတို့    ကိုးကွယ်ယုံကြည်ရာဘာသာ တရားကို အလေးထား၍ မိဘကျေးဇူး၊ သင်ဆရာ၊ မြင်ဆရာများ၏ ကျေးဇူးကိုဆပ်နိုင်အောင် ကြိုးစား သင်ယူပြီး  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုစေရန်  ကြိုးစားအားထုတ်ကြ ရမည်ဖြစ်ကြောင်း  အားပေးစကားပြောကြားသည်။
 ယင်းနောက်    ပြည်ထောင်စုဝန်ကြီးသည် ကက်သလစ် ခရစ်ယာန်ပရဟိတဂေဟာသို့ KN 95 Mask  ၁၈၅၀ နှင့် ထောက်ပံ့ငွေကျပ်  ၁၀ သိန်းကို ပေးအပ်ရာ သာသနာပိုင် ဘုန်းတော်ကြီးက လက်ခံ သည်။ 

 


မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မြိတ်မြို့နယ် တလိုင်းစုရပ်ကွက်ရှိ ကက်သလစ် ခရစ်ယာန်    ဘုရားရှိခိုးကျောင်းသို့      ရောက်ရှိပြီး ဘုန်းတော်ကြီးနှင့် တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကရင်၊ ဆလုံ(မော်ကယ်)၊ မွန်နှင့် ထားဝယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့်လည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းပြီး  နိုင်ငံရေးပါတီ လွှမ်းမိုးသည့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့  မဖြစ်ရန်လိုအပ်သကဲ့သို့ အရောင်အသွေးကင်းသည့်  စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့အဖြစ်    ရပ်တည်ရန်လိုအပ်ကြောင်း၊ စာပေနှင့် ယဉ်ကျေးမှု ပပျောက်လျှင် လူမျိုးပါပျောက် မည်ဖြစ်၍  တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုး သားရေးလက္ခဏာနှင့်      သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေနှင့်   ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်         တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်      ယဉ်ကျေးမှုအဖွဲ့များက စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်း သားဘာသာသင် (TA/LT)  ဆရာ   ဆရာမများ၏ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တနင်္သာရီ တိုင်းဒေသကြီး   တိုင်းရင်းသားရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး က  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။                    

သတင်းစဉ်