တိုင်းပြည်စီးပွားရေးအတွက် အဓိက မောင်းနှင်အားဖြစ်သည့် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်စေရန်အတွက် ဆောင်ရွက်သွားရမည်

နေပြည်တော် မတ် ၈ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၅/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံး ဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြ သည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူခဲ့သည့် ပထမရက်သတ္တပတ် အတွင်း ပုံမှန်အခြေအနေရှိခဲ့သော်လည်း ယင်း နောက်ပိုင်းတွင်ဆန္ဒပြမှုများရှိသဖြင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ ကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ မြို့နယ် ၂၀၀ ကျော်တွင် ဆန္ဒပြမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အကြမ်းဖက်လုပ်ရပ်များ စတင် လာသည်ကိုတွေ့ရပြီး လုံခြုံရေးဝန်ထမ်းများအား ဓား၊ ဂျင်ကလိ၊ လေးခွ၊ကုန်းသီး၊ တူမီး၊ လုပ်သေနတ် တို့နှင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မီးရှို့ဖျက်ဆီး ခြင်းလုပ်ရပ်များကိုလည်း ဆောင်ရွက်လာကြောင်း၊ ဆူပူဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့သော်လည်း တချို့ ကိုစစ်ဆေးပြီး ပြန်လွှတ်ရန်စီစဉ်နေကြောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံးဆောင်ရွက်ခဲ့ ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ ဝင်တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၀၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၉ ဦး၊ အမျိုး သမီး ၅ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၈၅ ဦး၊ အမျိုး သမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့သေဆုံးမှု တွင် မန္တလေးမှ အမျိုးသမီးတစ်ဦးနှင့် နေပြည်တော် မှ အမျိုးသမီး တစ်ဦးတို့မှာ ရဲတပ်ဖွဲ့ဝင်များအသုံးပြုသည့် လက်နက်ကြောင့် မဟုတ်ဘဲ ပြင်ပမှပစ်ခတ်သည့် လက်နက်တစ်ခုကြောင့် ဖြစ် သည်ကို စစ်ဆေးတွေ့ရှိရကြောင်း။ CDM လှုပ်ရှားမှုမှာ ရုတ်တရက်ပေါ်ပေါက်လာ ခြင်းမဟုတ်ဘဲ ယခင်ကတည်းက ကြိုတင်စီစဉ်ထား သည်ဟု ယူဆကြောင်း၊ CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်နေသည်ကို တွေ့ရသဖြင့် ငွေကြေးစီးဝင်မှုအရင်းအမြစ်များကို စိစစ်ဖော်ထုတ်နေကြောင်း၊ ယမန်နေ့ကလည်း သတင်းထုတ်ပြန်ထားကြောင်း၊ နိုင်ငံတကာတွင် ဒီမိုကရေစီစနစ်အရ ဆန္ဒပြမှုများရှိသော်လည်း အစိုးရနှင့် အုပ်ချုပ်မှုအဖွဲ့အစည်းများကိုသာ ဆန္ဒပြ ခြင်းဖြစ်ပြီး စီးပွားရေးထိခိုက်အောင် လုပ်ဆောင်ခြင်း မရှိပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံများ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ ငွေကြေး လည်ပတ်မှုများ၊ ကုန်ထုတ်လုပ်မှုများ ထိခိုက်အောင် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း။ ဆေးရုံများ မြန်မြန်ဖွင့်လှစ် ယင်းထက်ဆိုးရွားသည်မှာ ဆရာဝန်များအနေ ဖြင့် ဆေးရုံများပိတ်ထားခြင်းဖြစ်ကြောင်း၊ ကျန်းမာ ရေးဝန်ထမ်းမှာ ရန်သူ၊ မိတ်ဆွေ မခွဲဘဲကုသပေးရမည် ဖြစ်ပြီး ယင်းကို မျက်ကွယ်ပြု၍ ဆောင်ရွက်နေကြ ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုမှာ ဆရာဝန်များ အနေဖြင့် ယင်းတို့၏ ကတိသစ္စာအဓိဋ္ဌာန်ကို ဖောက် ဖျက်ခြင်းဖြစ်သဖြင့် ပြည်သူအပေါ် ယင်းသို့ မဆောင် ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေ ဖြင့် ဆေးရုံများ မြန်မြန်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေကြောင်းခရီး များမှာ ပုံမှန်ပြေးဆွဲနေပြီး မကြာမီရက်ပိုင်းအတွင်း ရန်ကုန်- မန္တလေး မီးရထားပြေးဆွဲ သွားမည်ဖြစ် ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် အနည်းငယ် သာ ပြန်လည်ဖွင့်လှစ်သည်ကို တွေ့ရှိရကြောင်း၊ ပုဂ္ဂလိကဘဏ်အားလုံး အမြန်ဆုံးပြန်လည်ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘဏ်များ အတွက် လုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူ အကျိုးအတွက် ဘဏ်များ ဖွင့်လှစ်ရန် လိုအပ် ကြောင်း။ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာတွင် ဆန္ဒပြမှု များရှိပါကြောင်း၊ ဆန္ဒပြမှုမဟုတ်ဘဲ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လာပါက ဖြိုခွင်းနှိမ်နှင်းမှုများရှိပါကြောင်း၊ မိမိတို့အနေဖြင့် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ သို့သော် လည်း မီဒီယာများက ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက် လုပ်ရပ်များအား ဖော်ပြမှုမရှိသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် နေမှုအပြည့်အစုံကိုလည်း ဖော်ပြခြင်းမရှိဘဲ ၎င်းတို့ လိုအပ်သည့်အပိုင်းများသာ ရွေးချယ်ရိုက်ကူး၍ ထပ်ခါထပ်ခါ ထုတ်လွှင့်ပြီး ပြည်သူများနှင့် နိုင်ငံတကာမှ အမြင်မှားစေရန်ဆောင်ရွက်နေသည် ကို တွေ့ရကြောင်း။ အရေးယူနိုင်ရန် လုပ်ဆောင်နေ ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေးအကြံပေး ဖြစ်သူ SEAN TURNELL မှာ မြန်မာနိုင်ငံမှ တိမ်းရှောင်ရန်ဆောင်ရွက်နေမှုကို အချိန်မီတားဆီး နိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏ လျှို့ဝှက်အဆင့်ရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စစ်ဆေးတွေ့ရှိရကြောင်း၊ ၎င်းနှင့် ဆက်စပ်၍ ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအချို့သည် ငွေကြေးသုံးစွဲမှုများတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် မညီညွတ်ဘဲ သုံးစွဲထားသည်ကို တွေ့ရသည့်အတွက် လာရောက်ရှင်းလင်းရန်ခေါ်ယူချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ယင်းမှာ ၎င်းတို့၏ လုပ်ရပ်မမှန်ကန်၍ ဖြစ်ကြောင်း၊ အလားတူ ယခင် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုနှင့်အထက် အဆင့်ရှိသူများ၏ ဆောင်ရွက်မှုများကို စိစစ်ဆောင် ရွက်ရာတွင် အဂတိလိုက်စားမှုများရှိသည့်အတွက် အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေတွင် မြို့နယ် ၁၈ မြို့နယ်၌ စိစစ် ဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်မရှိဘဲ မဲပေးသည့် လူဦးရေ ၃၅၀၇၇၀ ရှိသည် ကို တွေ့ရသည်ဟု ထုတ် ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် စည်းကမ်း ပြည့်ဝပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဆိုသည့် အချက်ပါဝင် ကြောင်း၊ သို့ဖြစ်၍ အသက်ပြည့်ပြီးမဲပေးခွင့်ရှိသူတိုင်း ဥပဒေနှင့်အညီ မဲပေးနိုင်ရေးအတွက် မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြား ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထူးစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သက်သေခံကတ်ပြားများ လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း။ ဦးစားပေးလုပ်ငန်းစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း NCA တွင် လက်မှတ်ရေးမထိုးရသေးသည့်တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ထာဝရငြိမ်းချမ်းရေးရရှိ အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များအနေဖြင့် ယင်းအချက်ကို ဦးစားပေးလုပ်ငန်းစဉ်ထဲတွင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်ကစ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရေး အတွက် ဝင်ရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံသည် မိမိတို့ထက်လူဦးရေများပြားသည့် နိုင်ငံ များအကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည် ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည့် နိုင်ငံသားတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ ပုဒ်မ ၃၈၆ အရ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိ ကြောင်း ရှင်းလင်းပြောကြားသည်။ ဝိုင်းဝန်းဆောင်ရွက် ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးသိန်းညွန့်၊ မန်းငြိမ်း မောင်၊ Jeng Phang နော်တောင်၊ ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန်တို့က လူမှုကွန်ရက်စာမျက်နှာများမှ အခွန်အကောက်ရရှိရေးနှင့် နည်းပညာအရခြယ်လှယ် နေသည့် အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူ ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် ဥပဒေများအား ပယ်ဖျက်ရေးနှင့် တရားမဝင်ဖွဲ့စည်း ထားသည့် CRPH နှင့် အခြားအဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်နေသူများအား စိစစ်ဖော်ထုတ် အရေးယူသွားရေး၊ ဆူပူဆန္ဒပြမှုများတွင် အသုံးချခံ နေရသူများအား နိုင်ငံရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရေး၊ မဲမသမာမှုကိစ္စနှင့် အခြား ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအား အမြန်ဆုံးပြည်သူသို့ ချပြရေး၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေသည့် ပိုစတာ နှင့် ဆိုင်းဘုတ်များအား ရိုက်နှိပ်လျက်ရှိသည့် ပုံနှိပ် လုပ်ငန်းများအား ဖော်ထုတ်အရေးယူသွားရေး၊ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များ ဆောင်ရွက်ပေး ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့် အညီသာ ဆောင်ရွက်ရေး၊ ရပ်ဆိုင်းထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်း ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ပေးရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည့်ဥပဒေများကို ပယ်ဖျက် နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ CRPH တွင်ပါဝင်နေသူများအား စိစစ်အရေးယူဆောင်ရွက် လျက်ရှိပြီး အချို့ပုဂ္ဂိုလ်များက ၎င်းတို့အနေဖြင့် CRPH တွင် ပါဝင်မှုမရှိသည်ကို ဆက်သွယ် ပြောဆို လာမှုများရှိကြောင်း၊ အလားတူ အချို့ဆရာဝန်များက လည်း ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်ဆောင် ရွက်မှုများမရှိသည်ကို ဆက်သွယ်ပြောကြားလာ ကြောင်း၊ ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဆောင်ရွက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များနိုင်ငံရေးတွင် အသုံးချခံမဖြစ်စေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆူပူဆန္ဒပြမှုများ တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် လူငယ်များပါဝင် နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူအနည်းငယ်သာရှိကြောင်း၊ CDMတွင် ပါဝင် လှုပ်ရှားမှုမရှိသည့် ဝန်ထမ်းများကို ခြိမ်းခြောက် ခြင်း၊ လူမှုကွန်ရက်စာမျက်နှာတွင် အရှက်ခွဲခြင်းများ ပြုလုပ်နေသူများကို ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုသည့် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှု ရှိအောင် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်း။ တိုင်းပြည်စီးပွားရေးအတွက် အဓိကမောင်းနှင် အားဖြစ်သည့် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ် စေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကိုလည်း ဖိတ်ခေါ်ရန်လိုအပ်ပြီး ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးသွား ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်စေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား COVID-19 စည်းကမ်း ချက်များနှင့်အညီ တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြု ရန် တင်ပြထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း COVID-19 စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။ ရိုးသားမှုရှိရန်လို မဲမသမာမှုနှင့် ငွေကြေးအလွဲသုံးစား ဆောင်ရွက် မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူသို့အသိပေးထုတ်ပြန်ပြောကြားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ပြုလုပ်ရာတွင် ရိုးသားမှုရှိရန် လိုကြောင်း၊ မိမိ ထောက်ခံမှုရအောင်ဆောင်ရွက်ပြီး အခြားသူကို ပုတ်ခတ်ပြောဆို၍ နစ်နာအောင် ဆောင်ရွက်ခြင်း သည် မရိုးသားသည့် နိုင်ငံရေးဖြစ်သဖြင့် တိုင်းပြည် အတွက် များစွာနစ်နာရကြောင်း၊ မရိုးသားသည့် နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် ယခုအခြေ အနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်ကာလအတွင်း တိုင်းပြည်ကောင်း အောင် ရိုးရိုးသားသားဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်