
နေပြည်တော် ဇန်နဝါရီ ၆
သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအပေါ် သုံးသပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နှင့် သဘာဝဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ညီညွတ်မျှတပြီး ပျက်စီးပြုန်းတီးမှု မရှိစေရန် ရည်ရွယ်ပြီး အမျိုးသားသစ်တောကဏ္ဍ ပင်မ စီမံကိန်း၊ ခရိုင်သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင်ရေး စီမံကိန်းများကို ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရန်နှင့် သစ်တောထိန်းသိမ်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကျွန်းမူရင်းဒေသ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို ၁၀ နှစ် ရပ်နား ခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လည်း ကျွန်းနှင့်သစ်မာထုတ်လုပ်မှုကို နှစ်စဉ် တောထွက်၏ ၅၅ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်းထိ အသီးသီးလျှော့ချထုတ်လုပ်စေခဲ့ကြောင်း၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ ယခုအခါ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၁၂၇၀ နိုင်ငံ ဧရိယာ၏ ၂၅ ဒသမ ၇၂ ရာခိုင်နှုန်း ကိုလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၇ ခု နိုင်ငံဧရိယာ ၏ ၆ ဒသမ ၀၉ ရာခိုင်နှုန်း ကိုလည်းကောင်း၊ သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း။
နိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက်လျက် ရှိပါ သဖြင့် ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်း ရေးသည်လည်း အလွန်အရေးကြီးသည့် လုပ်ငန်း တစ်ရပ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး ရှိ အဓိကမြစ်ချောင်းများ၊ ဆည်တာတမံများ၏ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာသစ်ပင်စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်း များ တည်ထောင်ခြင်းနှင့် ဒီရေတောများ ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် နှစ်တို၊ နှစ်ရှည်လျာထား လုပ်ငန်းများကို အောင်မြင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်နှင့် နိုင်ငံတော်အကြီးအကဲနှင့် အထက် ဌာန အဆင့်ဆင့်များ၏ လမ်းညွှန်ချက်များ၊ တာဝန် ပေးအပ်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အထူး အလေးထားမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသ ကြီး/ ပြည်နယ်များအလိုက် တရားမဝင်သစ် ဖမ်းဆီး ရမိမှု အများဆုံး ပထမဆု - ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆု - စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆု-ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်