
နေပြည်တော် ဒီဇင်ဘာ ၉
အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ရှိ အမှတ်(၂) စက်မှုသင်တန်း ကျောင်း (မန္တလေး)၌ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ZHONGMEI Engineering Group Ltd. မှ တာဝန်ရှိသူတို့က သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် တည်ငြိမ်အေးချမ်းမှု လိုအပ်သလို နိုင်ငံသားများ ကလည်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အသက်မွေးဝမ်း ကျောင်းပညာများ တိုးတက်မှသာ နိုင်ငံသူ နိုင်ငံသား များ၏ လူမှုစီးပွားဘဝအခြေအနေ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အသက်မွေးဝမ်း ကျောင်းပညာများ၏ အခန်းကဏ္ဍသည် တစ်နေ့ ထက်တစ်နေ့ ပိုမိုအရေးပါလာပြီဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၌ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာအထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် စက်မှု သင်တန်းကျောင်း ရှစ်ကျောင်းကို ထူထောင်ဖွင့်လှစ် ပြီး စက်မှုကျွမ်းကျင်လုပ်သား ၁၀၀၀ ခန့်ကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိသလို ကာလတို သုံးလ သင်တန်းများ၊ ရွေ့လျားသင်တန်းများ စသည့် အစီအစဉ်များဖြင့် စက်မှုနှင့်အသက်မွေး ပညာရပ် များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။
ယခင်က အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)တွင် ဘာသာရပ် လေးခုဖြင့် တစ်နှစ်လျှင် သင်တန်းသား ၁၆၀ လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း၊ အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးပါက ဘာသာရပ်အသစ် နှစ်ခု ထပ်တိုး၍ ဘာသာရပ် ခြောက်ခုဖြင့် တစ်နှစ်လျှင် ကျွမ်းကျင်လုပ်သား ၂၄၀ ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ထောက်ပံ့ပေးပါသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ZHONGMEI Engineering Group Ltd., မှ တရုတ် ပညာရှင်အဖွဲ့များနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ပံ့ပိုးကူညီသွားမည်
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက် တွင် တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ အတွေ့ အကြုံများ၊ အဆင့်မြင့်နည်းပညာများ ဝေမျှခြင်း၊ မူဝါဒပိုင်းဆိုင်ရာများ ပူးပေါင်းချမှတ်နိုင်ရေး မြှင့်တင် ဆောင်ရွက်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် မြန်မာ နိုင်ငံ၏ စက်မှုကဏ္ဍ လိုအပ်ချက်ပြည့်မီစေရန် TVET များမှ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး စဉ်ဆက်မပြတ် ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသည့် ဧည့်သည်တော်များသည် သင်တန်း ကျောင်း၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တံတားဦးမြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ ရောက်ရှိပြီး စက်မှုဇုန်တာဝန်ရှိသူများက စက်မှုဇုန် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး Gold AYA Motors International Group Co., Ltd. ၏ SKD စနစ်ဖြင့် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ (အပေါ်ဝဲပုံ)
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး တို့သည် အဖွဲ့ဝင်များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို စက်မှုဝန်ကြီးဌာန ရှိ ဆေးဝါးစက်ရုံများတွင် ထုတ်လုပ်နိုင်ရန် လိုအပ် သည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်