တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား

 

နေပြည်တော်  အောက်တိုဘာ  ၈
ယနေ့သည် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လဆန်း  ၁၄ ရက်  သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ   ဘုရား၊ စေတီ၊ ပုထိုးများ၌   အများပြည်သူများ   စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ် ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များ၊  မိဘပြည်သူများက   ဝါကျွတ် ကာလအခါသမယအဖြစ်   ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို  ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညိုကုသိုလ်ယူ ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊     ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ   လမ်းများပေါ်တွင်လည်း   ဘုရားဖူး ပြည်သူများ၊ အပန်းဖြေခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေဥယျာဉ်များနှင့် ကမ်းခြေများ၌လည်း    သီတင်းကျွတ်ရုံးပိတ်ရက် လာရောက် အပန်းဖြေအနားယူကြသူများဖြင့် အထူး စည်ကားများပြားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌ လမ်းများနှင့် ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊ မီးရောင်စုံများ  တပ်ဆင်ထားသည့်  ပုံစံငယ်များဖြင့် မီးအလှများဆင်ယင်ထားသကဲ့သို့   နေပြည်တော် ရေပန်းဥယျာဉ်တွင်လည်း  ရောင်စုံမီးများ  တပ်ဆင် ထားပြီး လာရောက်အပန်းဖြေသူများဖြင့် စည်ကား များပြားလျက်ရှိကာ  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ   ဥယျာဉ်ပန်းခြံများနှင့်  အများပြည်သူ အပန်းဖြေနေရာများတွင်လည်း  ရောင်စုံမီးများဖြင့် မီးအလှများ     တပ်ဆင်ထားရှိကာ     ပြည်သူများ လာရောက်အနားယူ      အပန်းဖြေလျက်ရှိကြောင်း သတင်းရရှိသည်။                    သတင်းစဉ်