တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၌ စပါးခွံသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

 

ပဲခူး  မတ်   ၂


ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်း သည်  အစိုးရအဖွဲ့   တာဝန်ရှိသူများနှင့်အတူ   မတ် ၂ ရက်က သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်    (Gasifire Power Plant)    ဖြင့်     ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို   သွားရောက်ကြည့်ရှုအားပေး သည်။

 


ရှေးဦးစွာ  တိုင်းဒေသကြီး   ဝန်ကြီးချုပ်သည် သနပ်ပင်မြို့နယ်    တော်ဝင်ဟင်္သာ    ဆန်စက်သို့ ရောက်ရှိရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ တောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် အဆိုပါ လုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်းသုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက်    တိုင်းဒေသကြီး   ဝန်ကြီးချုပ်သည် ဆန်စက်၊  စပါးအခြောက်ခံစက်၊  စပါးခွံလောင်စာ တောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် စပါးခွံ စွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စပါးခွံ လောင်စာတောင့်များ      ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်၍ ကျေးလက်ဒေသများအထိ ထင်းအစား ထိုး    သုံးစွဲနိုင်ရေးဆောင်ရွက်ရန်၊    ပြည်ပပို့ကုန် အဖြစ်လည်း  ဈေးကွက်ရရှိနိုင်ရေး  ဆောင်ရွက်ရန်၊ ဆန်စက်လုပ်ငန်းရှင်များအား  ဖိတ်ခေါ်၍  Gasifire Power Plant ဖြင့် လျှပ်စစ်ဓာတ်အား လျှော့ချသုံးစွဲ နိုင်ရေး   အသိပညာပေးရန်နှင့် လျှပ်စစ်မီးမရရှိသေး သည့်  ကျေးရွာများအား   Gasifire Power  Plant ဖြင့်  လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေးစီမံချက်များ  ချမှတ် ဆောင်ရွက်ရန်    တာဝန်ရှိသူများအား  မှာကြားသည်။

 


ယင်းနောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထာဝရမိဘမေတ္တာ ပဲတီစိမ်းအဝယ်ဒိုင်သို့ ရောက်ရှိပြီး    နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများက  သွင်းအားစု တန်ဖိုး ငွေကျပ် နှစ်သိန်းနှင့်ညီမျှသည့် ပဲတီစိမ်းများ ပြန်လည်ပေးသွင်းနေမှုအား   ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်    တွေ့ဆုံ၍      နွေစပါးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   ထပ်မံတိုးချဲ့ စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေရရှိရေး ဆိုလာရေတင်စနစ် အား    စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။   သနပ်ပင်မြို့နယ်အတွင်း   နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်း ၅၀၀၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ဧက ၁၇၀၀၀ ကျော် ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း သိရသည်။


တင်စိုး(ပဲခူး)