
ရန်ကုန် ဒီဇင်ဘာ ၁၆
ကျေးလက်ဒေသများတွင် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများအပေါ်၌ မှီတည်လျက်ရှိရာ ယင်းတို့၏စွမ်းအားကို အပြည့်အဝအသုံးချနိုင်ရန် တိရစ္ဆာန် ကျန်းမာရေးလုပ်သားစနစ်ကို ထူထောင်၍ Technical Vocational Educational & Training(TVET)ကို အခြေခံသော သင်တန်းများပို့ချရန် လိုအပ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတိုးမင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနခန်းမ၌ကျင်းပသော တိရစ္ဆာန် ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဆင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
တိရစ္ဆာန်ကျန်းမာရေးလုပ်သားကဏ္ဍ ပိုမို တိုးတက်လာစေရန် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရခိုင်၊ မွန်၊ ရှမ်းနှင့် ချင်း စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုရှိ မြို့နယ်ပေါင်း ၃၂ မြို့နယ်မှ တိရစ္ဆာန် ကျန်းမာရေးလုပ်သား ၂၉၂ ဦး၏ တိရစ္ဆာန်ကျန်းမာ ရေးဝန်ဆောင်မှုစစ်တမ်းကို ကောက်ယူနိုင်ခဲ့သည်။
သင်တန်းဆင်းလက်မှတ် ပေးအပ်
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာ နိုင်ငံ တိရစ္ဆာန်ဆရာဝန်များအသင်း၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဦးဆောင်မဏ္ဍိုင်အဖွဲ့ကို ၂၀၁၇ ခုနှစ် ဧပြီလက ဖွဲ့စည်းခဲ့ပြီး ကျန်းမာရေးလုပ်သားဆိုင်ရာ မူဝါဒကို ချမှတ်ခဲ့သည်။ မူဝါဒနှင့်အညီ တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းများကို FAO-LIFT စီမံကိန်းမြို့နယ်များတွင် ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်တွင် သုံးခွမြို့နယ်၊ သန်လျင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင် မြို့နယ်များမှ တက်ရောက်သော သင်တန်းသား ၄၂ ဦးနှင့် မြို့နယ်များတွင် အောင်မြင်စွာ သင်တန်း ပို့ချနိုင်ခဲ့သော သင်တန်းဆရာ ဆရာမ ၁၁ ဦးကို လည်း တိရစ္ဆာန်ကျန်းမာရေးလုပ်သား ဆရာဖြစ် သင်တန်းဆင်းလက်မှတ်ကို တစ်ပါတည်း ပေးအပ် သည်။
လေ့ကျင့်သင်ကြား
“တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်း ကာလက ငါးလကြာမြင့်ပါတယ်။ လက်တွေ့နဲ့ စာတွေ့ ပေါင်းစပ်သင်ကြားပေးတဲ့ သင်တန်းပါ။ ယခုလို သင်တန်းမျိုးဟာ နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်သလို ကူးစက်ရောဂါ ဖြစ်ပွားခဲ့ရင် မြန်ဆန်စွာ သိရှိဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူး ကိုလည်း ရရှိပါတယ်။ ဒီသင်တန်းမှာ အသေးစား ခွဲစိတ်မှု၊ ဆေးယဉ်ပါးမှုပြဿနာနဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးအပါအဝင် ဘာသာရပ် ၁၁ မျိုးကို သင်ကြားပေးပါတယ်။ တစ်နိုင်ငံလုံးမှာ ဆက်ပြီး ဖွင့်လှစ်သွားဖို့လည်း ရှိတယ်။ ကျွန်တော်တို့ဌာန အနေနဲ့ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း ကို ကျေးရွာအရောက် ဝန်ဆောင်မှုပေးတဲ့အခါ မှာ အထောက်အကူပြုနိုင်တဲ့ လုပ်သားတွေကို ဆက်လက် လေ့ကျင့်သင်ကြားပေးသွားမှာပါ။ ရန်ကုန်တိုင်းမှာ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၁၄၈ ဦး ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးဗီဇများ ထိန်းသိမ်း ခြင်းနှင့် မျိုးမြှင့်တင်ခြင်း၊ မွေးမြူရေးဆိုင်ရာ အသိ ပညာပေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ထူထောင်ခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း နှင့် သုတေသနလုပ်ငန်း လုပ်ဆောင်ခြင်းစသည့် လုပ်ငန်းစဉ် ၂၀ ကို အထောင်အထည်ဖော်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်