
ရန်ကုန် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံမှ စိုက်ပျိုးရေးတန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းရှင် ခြောက်ဦးသည် ပြောင်းဖူးများကို နုပ်နုပ်လှီးဖြတ်ခြင်း၊ ပြုပြင်ခြင်း၊ အချဉ်ဖောက်ခြင်းဖြင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်ထားသော ပြောင်းချဉ်ဖတ်(Silage Corn) ကို တရုတ် နိုင်ငံသို့ တရားဝင်မှတ်ပုံတင်ဖြင့် တင်ပို့ခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
တရုတ်နိုင်ငံသို့ ပြောင်းချဉ်ဖတ်တင်ပို့မည့် မြန်မာလုပ်ငန်းရှင် ခြောက်ဦးသည် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)တွင် နိုဝင်ဘာ ၁၅ ရက် က မှတ်ပုံတင်မှုပြီးစီးခဲ့ခြင်းဖြစ်သည်။ မြန်မာ့ပြောင်းချဉ်ဖတ် ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးပြင်ဆင်မှုများ ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ယင်းနှင့် စပ်လျဉ်း၍ တရုတ်-မြန်မာနှစ်နိုင်ငံ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရဌာနများကို တက်ကြွစွာ ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းချဉ်ဖတ် တင်ပို့ခြင်း ဖြင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ မှုကို တိုးမြင့်လာစေရုံ သာမက မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ ရရှိမှု တိုးပွားလာစေကာ မြန်မာ့တောင်သူလယ်သမားများ အတွက် အလုပ်အကိုင်အများအပြား ဖန်တီးပေးပြီး တောင်သူ လယ်သမားများ ဝင်ငွေ တိုးလာစေ၍ မြန်မာနိုင်ငံ ကျေးလက် ဒေသများ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
သီရိ