
ဆောင်းပါး
=======
တိမ်ပြာ ဇာတွန့်မြ အရောင်၊ ချိန်ခါဝါစွန့် လတန်ဆောင်
===============================
ဆူးငှက်
“နဂါးလိမ် မိလ္လာ သိင်္ဂါညွန့်မှာ
တိမ်ပြာ ဇာတွန့်မြ အရောင်၊
ချိန်ခါဝါစွန့် လတန်ဆောင်ငယ်
သရဒ ဦးသျှောင်ခေါင်ရတု၊
ရှစ်ဌာန်း ဝန်းဝိုက် ပြိုတော့မည်လို
လျှပ်ခြည်နတ်စည် ခြိမ့်ညောင်းဆော်ခဲ့ခ”
တန်ဆောင်မုန်းကထိန်ရာသီ
ဝါဝင်တာ မကြာလိုက်ခင်မှာတော့ အခုတော့ ဝါကျွတ် လို့ တန်ဆောင်မုန်းပင် ပြည့်လုပြီ။ တော်သလင်း မလွန် ဆန်လှူပွဲ၊ သီတင်းကျွတ်ဘုရားသုံးဆူပွဲ၊ အိမ်တော်ရာ ဘုရားပွဲ၊ မဟာသကျသီဟ ဘုရားပွဲ၊ ရတနာမဉ္ဇူဘုရားပွဲ၊ ကျောက်တော်ကြီးဘုရားပွဲများပင် တစ်ပွဲပြီးတစ်ပွဲ ပြီးပြန်ချေ၏။ တကယ်တော့ ပုံမှန်အခြေအနေဆိုလျှင် ကထိန်ပွဲတွေ စေချေပြီ။ အခုတော့ ကိုဗစ်ရောဂါဘေးဆိုး ကြောင့် ကထိန်ပွဲတွေလည်း ပွဲခင်းမကျင်းပနိုင်တော့။ ပုံမှန်အခြေအနေတွင် နာမည်ကျော် ဈေးချိုကထိန်ကြီးက တော့ ယခင် ဈေးချိုတော်ရုံကြီး ၁၂ရုံမှ သမိုင်းဝင်ကထိန် ပွဲကြီးမျိုး ပြန်လည်ခင်းကျင်းနိုင်ဖို့ ဆန္ဒရှိနေကြမှာ သေချာသည်။ ဆိုင်ခုံ၊ ဆိုင်ကောင်တာများ မရှိဘဲ ဟော (hall) ကြီးတစ်ခုသဖွယ် ခင်းကျင်းထားသော ဈေးချို အေရုံကြီးထဲမှာ ပဲအိတ်၊ ဆန်အိတ်တွေကြားမှ မြို့မနှင့် အငြိမ့်ခန်းကို အခုလို တန်ဆောင်မုန်းကထိန်ရာသီတွင် အားပါးတရ အမြဲကြည့်ရမည်။
ပေါလစ်ရောင်တောက် ကျွန်းသား ဆိုင်ခန်းတွေပေါ်မှာ
ဘီရုံ ဘယဆေးအိတ်တွေကြားမှ အောင်မြေအေးအငြိမ့်၊ စီရုံစာရေးကိရိယာ စက္ကူပုံ စာအုပ်ပုံတွေကြားမှ မြို့တော် အငြိမ့်၊ ဒီရုံစက္ကူပန်းတွေကြားမှ အရီးတောင်း လက်ဖက် ဆိုင်တွေကြား၊ သစ်လွင်အငြိမ့်၊ အီးရုံ ရွှေဆိုင်တန်း၏ ပေါလစ်ရောင်တောက် ကျွန်းသားဆိုင်ခန်းတွေပေါ်မှာ ခနုံထုပ်ပူပူစားရင်း မန္တလေးရတနာပုံအငြိမ့်၊ ဒီလိုပါပဲလေ၊ ငါးခြောက်အိတ်တွေကြား၊ ချည်ထုပ်တွေကြား၊ ကုန်ခြောက်တွေကြား၊ တက်ထရက် အစအထပ်တွေကြား၊ တောင်မြို့ထည်တွေကြား၊ သဲတော ဝမ်းတွင်းထည်တွေ ကြား၊ ပိုးထည်ချိတ်ထည်တွေကြား၊ ဆိုးဆေး သံဘူးတွေ ကြား၊ ငါးဒိုင်ငါးဆိုင်တွေကြား၊ ကြက်သွန်ပုံတွေကြား၊ ခေါက်ဆွဲခြောက်ထုပ်တွေကြားမှာ . . .
အငြိမ့်ပေါင်းစုံ၊ တီးဝိုင်းပေါင်းစုံ၊ မင်းသမီးပေါင်းစုံ၊ လူရွှင်တော်ပေါင်းစုံ၊ အဆိုတော်ပေါင်းစုံ၊ ဇာတ်မင်းသား ပေါင်းစုံတို့၏ အနုပညာကို အခုလို ရာသီမှာ ဈေးချိုနှင့် ဈေးချိုပတ်ပတ်လည်၌ တနင့်တပိုး ကြည့်ရှုခံစားခဲ့ကြရ တာကိုလည်း မမေ့လောက်သေးဟု ထင်ပါသည်။
စစ်ကိုင်းတောင်ရိုး ချောင်တိုင်း ချောင်တိုင်းမှာ
တန်ဆောင်မုန်းလဆန်း ၁၄ ရက် (အဖိတ်နေ့) ဆိုလျှင် မနက်လင်းကတည်းက ကထိန်အလှူကားတွေ စစ်ကိုင်း ဆီ ဦးတည်ကြ၏။ နည်းနည်းနေမြင့်လာတော့ စစ်ကိုင်း တံတားထိပ်မှာ တန်းစီနေကြရတာ တံတားဖြူသို့ပင် တိုင်တော့သည်။ စစ်ကိုင်းတောင်ရိုးချောင်တိုင်း ချောင် တိုင်းမှာ ဈေးချိုသူ ဈေးချိုသားတို့၏ ကထိန်အလှူချည်း ဖြစ်၏။ ယခုထက်ပင် မြင်သာပါသေးသည်။ ချောင်များ၏ အုတ်တံတိုင်း၊ မုခ်ဦး၊ ဆွမ်းစားကျောင်း၊ ဘုရားကျောင်း ဇရပ်၊ ကျောင်းတိုက်များ၌ ဘယ်ခုနှစ်က ဈေးချိုတော် ဘယ်ရုံ၏ ဘယ်နှကြိမ်မြောက် ကထိန်ကောင်းမှုဆိုသော ကမ္ပည်းစာတန်းများပင် ဖြစ်၏။
မန္တလေးမှာ ရှေးက ကပ်ရောဂါကျရောက်လေတိုင်း၊ နယ်ချဲ့စစ်၊ ပြည်တွင်းစစ်မီး အကြိမ်ကြိမ်ခလေတိုင်း ''အေးလကွယ်၊ နေကြလဟဲ့၊ စိတ်တိုင်းကျ ပျော်ပျော်နေ'' ဟု ခွင့်ပြုတော်မူလေသောကြောင့် စစ်ကိုင်းတောင်ရိုးရှိ သာသနာ့ရိပ်မှာချည်း ခိုလှုံခဲ့ကြရလေသည်။ ထို့ကြောင့် မန္တလေးက လှူဒါန်းစရာရှိတိုင်း စစ်ကိုင်းတောင်တော်ကို ချည်း ဦးထိပ်ထားခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုထို ကျေးဇူးကို ယခုနှစ်တွင်လည်း ပြန်လည်ဆပ် နိုင်ရန် အားထုတ်မှုမျိုး အဆင့်မြင့်ဈေးချိုတော်ရုံသစ်ကြီးမှ ကထိန်များတွင် မြင်တွေ့ရလေသောအခါ ဝမ်းသာပီတိ ဖြင့် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိကြပါလေ၏။
စစ်ကိုင်းတောင်ခရီးစဉ်မှ မြင်းလှည်းလေး
ဘူတာဟောင်းသို့ ဆက်သွယ်ထားသော မီးရထားလမ်း ၏ ခုံးနိမ့်နိမ့်လေးအား ဖြတ်ပြီးနောက် မြင်းလှည်းသည် နောက်ထပ် ပါစင်ဂျာ မတင်တော့။ တင်စရာလည်း မလို တော့ပေ။ ရှေ့မှာ လူနေရပ်ကွက်က ဘာမျှမရှိ . . .။ တောရိပ်တောင်ရိပ် လွှမ်းလာသည်။ ကတ္တရာ လမ်းကျဉ်း ကလေးဘေး ဖုန်ထူထူ မြေလမ်းကလေးပေါ်မှာ ဆိတ် တစ်အုပ် မောင်းချင် မောင်းသွားမည်။ ချိတ်ဆေးသုတ် ထီးနီရဲရဲဆောင်းထားသည့် မယ်သီလရှင် တစ်ပါးစ နှစ်ပါးစ တွေ့မည်။ သို့မဟုတ် ပဉ္စင်းငယ် တစ်ပါးစ နှစ်ပါးစ တွေ့မည်။ ဒါပါပဲ။
မြင်းလှည်းလေးက ကတ္တရာလမ်း ကျဉ်းကျဉ်းကလေး ပေါ်မှာ ခြေသံမှန်မှန်ဖြင့် စည်းချက်ကျကျ ပြေးလွှားနေတာ။ ရွှေစေတီချောင်အကျော် ကုန်းအတက်ရောက်တော့ ဖြည်းနှေးသွား၏။ တချို့ မြင်းပိန်မလေးတွေ ဆွဲသော မြင်းလှည်းများက ထိုနေရာရောက်လျှင် လူတွေ ဆင်းကြ ရ၏။ ထိုကုန်းအတက်လေးသည် စစ်ကိုင်းတောင်၏ ထိတွေ့မှုအစပဲ ဖြစ်ပါသည်။ တရုတ်စကားပင်တွေက ထူထူစိပ်လာ၏။ တရုတ်စကားရနံ့တွေ ကြိုင်ကြိုင်လှောက် လာသည်။ ငယ်ငယ်က သွားခဲ့ဖူးသော စစ်ကိုင်းတောင် ခရီးစဉ်မှ မြင်းလှည်းလေးကို သတိရနေသည်။ ဟောကနီ ကွေ့တဲ။ ကနီကွေ့ဟု အမည်တွင်ရစ်စေသည့် ကနီချောင် သည် စစ်ကိုင်းတောင်ကို ကျွန်တော် ပထမဦးဆုံး ရောက်ဖူးသော ချောင်ဟု မှတ်သားထားမိသည်။ သည်တုန်းက အသက် ဘာရှိဦးမလဲ။ ရှစ်နှစ်သားလောက် ရှိမှာပေါ့ ။ သည်တုန်းကတော့ နေ့ချင်းပြန်ခရီး။ တောင်ပေါ် မလည်မီ ကနီချောင်သို့ ဝင်ပြီး ဦးပဉ္စင်းကြီးတစ်ပါးကို ကန်တော့ကြရသည်။
ပထမဂန္ဓာရုံချောင်
နောက် . . . စစ်ကိုင်းတောင်မှာ ပထမဦးဆုံး အိပ်ဖူးသည် က ပထမဂန္ဓာရုံချောင်ဖြစ်သည်။ ကနီချောင် အထက်က ဖြစ်၏။ ကျောက်စီ ကမ်းပါးယံကြီးများ ချောက်နှုတ်ခမ်း မေးတင်ဆောက်ထားသည့် ကမ္မဋ္ဌာန်း ကျောင်းငယ်။ ထို့နောက် ရေဆင်း ကျောက်နံရံဖြူဖြူ တပြန့်တပြောနှင့် ရေကန်ကျယ် . . .။ ပထမဂန္ဓာရုံချောင်မှာ ညအိပ်စဉ်က ကထိန်ပွဲကြီးတစ်ပွဲသို့ ကူညီညာလုပ်ကိုင်ပေးရန် လိုက်ပါရသော အဖေနှင့် လိုက်ရသည်မို့ အလုပ်ရှုပ်နေသော အဖေက ဘယ်မှ လိုက်မပို့နိုင်သောအခါ ချောင်နံဘေး စောင်းတန်းကလေးအတိုင်း အပေါ်သို့တက်ပြီး ''ဧစေတီ'' လေးသို့ သွားချင်သွား . . .။ သို့မဟုတ် အောက်သို့ ဆင်းပြီး ကနီကွေ့က မုန့်လုံးရေပေါ်တွေ စားချင်စား။ ဒါပဲဖြစ်သည်။ သွားစရာနေရာမရှိ။ အဖော်မရှိ။
နောက်နှစ်တွေ နောက်နှစ်တွေ ရောက်တော့ အခုလို တန်ဆောင်မုန်းလပြည့် ကထိန်ရာသီတိုင်း စစ်ကိုင်းတောင် ရောက်သောအခါ သွားစရာတွေ များလာ၏။ အဖော်တွေ များလာ၏။ သရက်ပင်ဆိပ် မြင်းလှည်းပေါ်က ဆင်းပြီး အောက်ထပ်မှာ လှေတွေ မှောက်ထားသော ခြေတံရှည် အိမ်များနှင့် နှာတဖူးဖူး မှုတ်ကာ အစာခွက် နှုတ်သီးထိုးနေ ကြသော နွားတင်းကုပ်တွေ အကြားအတိုင်း မြစ်ဆိပ်ဆင်း ပြီး ငှက်စီးကြသည်။ ရှင်ဖြူရှင်လှဆိပ်ဘက် တက်ကြ သည်။ စစ်ကိုင်းတောင်မှာ ပျော်စရာ ရင်ခုန်စရာကြည်နူး စရာတွေ တွေ့ကြုံခံစား လာရတော့သည်။ သည်အတိုင်း လေး ငါး ဆယ်နှစ်၊ နောက် စစ်ကိုင်းတောင်ကို မရောက်ဖြစ် တော့ ။ အိမ်ထောင့် တာဝန်တွေ ပိလာလို့ပဲ ဆိုကြပါစို့။ ၁၅ နှစ်ကျော် နှစ် ၂ဝ နီးပါး။
သည်တစ်ခေါက် စစ်ကိုင်းတောင် ခရီး
ဟော . . . ကုန်လွန်ခဲ့သည့် တစ်နှစ်မှာတော့ စစ်ကိုင်း တောင်သို့ ပြန်လည်ရောက်ရပြန်၏။ ကထိန်ရာသီ . . . ညအိပ်ခရီးက သွားမည့်သွားရတော့ နှစ်ကြိမ်နှစ်လီ။ လူနေအိမ်ခြေတွေ ထူထပ်လာသော ရပ်ကွက်များက တောင်ခြေ ဘုန်းကြီးကျောင်းဝင်းကြီးတွေဆီ ပြေးကပ်လာ ကြသည်။ တောင်ခြေသို့ မြို့ထဲမှလာသည့် ကတ္တရာလမ်း လေးက အခုတော့ ဖြူးဖြောင့် ကျယ်ပြန့်။ သရက်ပင်ဆိပ်က လက်ဖက်ရည်ဆိုင်တွေမှာ သီချင်းဗွီစီဒီစက်တွေ အပြိုင် အဆိုင် ဖွင့်ထားကြသည်။ ပိုးအိစံ၏ အသံက စီစီညံနေ၏။ “ပုစွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်” တဲ့။ အဲသည်တစ်ခေါက် စစ်ကိုင်းတောင်ခရီးက ဘယ်မှ သွားစရာမရှိ။ အဖော်မရှိ။ ထို့ကြောင့် မနက်လင်းကတည်းက သရက်ပင်ဆိပ် နိုးတူးလက်ဖက်ရည်ဆိုင်က စားပွဲလေး ပေါ်ထိုင်ရင်း ကထိန်ပွဲလာ ပရိသတ်ကို ငေးကြည့်နေရ သည်။ သွားစရာမရှိ။ အဖော်မရှိ။ သွားစရာမရှိ။ အဖော်မရှိ။
ဒီနှစ် ကိုဗစ် ကပ်ရောဂါဘေးကြောင့် ကထိန်ရာသီ စစ်ကိုင်းတောင်သည် အထီးကျန်ဆန်ချေဦးမည်။ စစ်ကိုင်း တံတားဘက်ဆီ သူလာမလားလို့ မျှော်ငေးမိသော်ငြား အဘယ်သူလာချေဦးမည်နည်း။ ဆိုးပါဘိ ကပ်ရောဂါ..။
- Log in to post comments