တောင်ဥက္ကလာပမြို့နယ်၌ သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြော

 

ရန်ကုန်  နိုဝင်ဘာ  ၁၇


ယနေ့ကာလတွင် သတင်းအတု သတင်းအမှားများကြောင့် မလိုလားအပ် သော ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိသဖြင့် ကျောင်းသားလူငယ်များ သတင်းအမှား အမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ နိုင်ငံတော်က လူသားအရင်း အမြစ်များ ဖွံ့ဖြိုးရေးအတွက် ဘက်စုံမှအားထုတ်ကြိုးပမ်း ဆောင်ရွက် ပေးနေသည်ကို နားလည်သိရှိရေးနှင့် မိဘဆရာများ၏ သွန်သင်ဆုံးမမှု ကိုနာခံကာ ထူးချွန်ထက်မြက်သော   လူငယ်များ  ဖြစ်လာစေရေးတို့ အတွက်   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ   အသိပညာပေး ဟောပြောပွဲများကို အ.ထ.က (၁) တောင်ဥက္ကလာပတွင် နိုဝင်ဘာ ၁၄ ရက်တွင်လည်းကောင်း၊ အ.ထ.က (၂) တောင်ဥက္ကလာပတွင် နိုဝင်ဘာ ၁၅ ရက်တွင်လည်းကောင်း၊    အ.ထ.က (၅)  တောင်ဥက္ကလာပတွင် နိုဝင်ဘာ ၁၆ ရက်တွင်လည်းကောင်း ကျင်းပခဲ့သည်။

 


အဆိုပါ  အထက်တန်းကျောင်း သုံးကျောင်း၏ အသိပညာပေး ဟောပြောပွဲများသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊  ဦးအောင် ပြည့်စုံ (အောင်ပြည့်စုံ)၊  ဦးရဲနိုင်စိုး၊  ဦးသက်နိုင်ဦး၊  ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ)၊   ဦးနေလင်း (မောင်ချိုဝေ) နှင့်   ဦးနေထွန်းဝင်း (နောင်ရဲဦး) တို့က ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း  ၉၀၀   ကျော်ခန့်    တက်ရောက်ခဲ့ကြသည်။   ထို့နောက် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက  သတင်းမီဒီယာဆိုင်ရာနှင့် အခြား စာပေဗဟုသုတဖြစ်ဖွယ်  သိမှတ်ဖွယ်ရာစာအုပ်များကို   အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ရာ   သက်ဆိုင်ရာ  ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက  လက်ခံရယူပြီး  ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။               

သတင်းစဉ်