တောင်သူနှင့် ကုမ္ပဏီအကျိုးဖြစ်ထွန်းစေမည့် အကျိုးတူ ကန်ထရိုက်လယ်ယာလုပ်ငန်း ဖော်ဆောင်ပေးလျက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၀ ၂၀၂၂- ၂၀၂၃ နွေစပါးရာသီတွင် တောင်သူနှင့် ကုမ္ပဏီ အကျိုးဖြစ်ထွန်းစေမည့် အကျိုးတူ ကန်ထရိုက် လယ်ယာလုပ်ငန်းကို Supply chain financing အစီအစဉ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ အဆိုပါအစီအစဉ်သည် တောင်သူများ၏ နွေစပါး တစ်ဧကအထွက်နှုန်း တိုးတက်စေရန် မျိုးစေ့၊ မြေဩဇာနှင့် သွင်းအားစုများ ပံ့ပိုးပေးမည့်အစီအစဉ် ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် နွေစပါး တောင်သူများစုဖွဲ့၍လည်းကောင်း၊ ဆန်စက်များနှင့် ဆန်စပါး ကုမ္ပဏီများစုဖွဲ့၍လည်းကောင်း စိုက်ပျိုး ထုတ်လုပ်၊ ဝယ်ယူ၊ ကြိတ်ခွဲ တင်ပို့ရောင်းချသော Supply chain financing စနစ်ဖြစ်ကြောင်း သိရ သည်။ လာမည့်နွေစပါးရာသီတွင် နိုင်ငံတစ်ဝန်းစပါး စိုက်ဧက ၈ ဒသမ ၅ သိန်းစိုက်ပျိုးမည်ဖြစ်ပြီး အကျိုး တူလယ်ယာစနစ်တွင် တောင်သူတို့ကို ငွေသားမပေး ဘဲ မျိုး၊ မြေဩဇာ၊ ဒီဇယ်စသော သွင်းအားစုများ အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်ကာ ဖွံ့ဖြိုးရေးရန်ပုံ ငွေမှ ပံ့ပိုးပေးမည်ဖြစ်သည်။ “မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နွေစပါး အတွက် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဖိတ်ခေါ်ထားတာရှိပါတယ်။ ဆီထွက်သီးနှံဆိုရင် အကျိုးတူလုပ်ဆောင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စပါးဆိုရင် ငွေကျပ်နှစ်သိန်းနဲ့ ညီမျှတဲ့ သွင်းအားစု၊ ပဲတီစိမ်းဆိုရင် ငွေကျပ် ၁၂၀၀၀၀ နဲ့ ညီမျှတဲ့ သွင်းအားစုတွေကို ပံ့ပိုးသွားဖို့ ရှိပါတယ်။ စပါးနဲ့ပဲကို အမျိုးအစားပေါ်မူတည်ပြီး ကုမ္ပဏီက ဈေးနှုန်းတစ်ခု သတ်မှတ်ပြီးဝယ်တယ်။ ပိုတဲ့စပါးနဲ့ပဲကို ပေါက်ဈေး အတိုင်း ဈေးပေးဝယ်တယ်။ တောင်သူအနေနဲ့ ပိုတာ ကို အခြားသူကို ရောင်းလည်းရတယ်။ ကန်ထရိုက် လယ်ယာစနစ် ပူးပေါင်းဆောင်ရွက်တဲ့အတွက် တောင်သူနဲ့ ကုမ္ပဏီ အကျိုးစီးပွားဖြစ်ထွန်းစေ ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်နွေစပါးရာသီတွင် ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် နိုဝင်ဘာလတွင် နွေစပါးဧက ၄၀၀၀၀ နှင့် ပဲတီစိမ်းအတွက် အောက်တိုဘာလကုန် တွင် ဧက ၂၀၀၀၀၀ စိုက်ပျိုးမည်ဖြစ်သည်။ ဆည်ရေ ရရှိမှု အပေါ်မူတည်၍ နွေစပါးကို တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးနှင့် ထန်းတပင်မြို့နယ်တို့၌ လည်းကောင်း၊ ပဲတီစိမ်းကို မှော်ဘီ၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်တို့၌လည်းကောင်း အများဆုံး စိုက်ပျိုးရန် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည်။ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် ဆန်စက်များ၊ ဆန်စပါးကုမ္ပဏီများအနေဖြင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်တွင် ပူးပေါင်းပါဝင်ရန်၊ ဆောင်ရွက်လို သော မြို့နယ်ဒေသနှင့် စိုက်ဧကများကို စက်တင်ဘာ ၉ ရက် နောက်ဆုံးထား၍ ဆက်သွယ်အဆိုပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ခဲ့ပြီး ကုမ္ပဏီနှင့်တောင်သူများ လိုက်နာရမည့် အချက် များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိုက်ပျိုးရေး ဦးစီးဌာနက ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ညိမ်းသူ(သတင်းစဉ်)