
စိုက်ပျိုးရေးသုတေသနဦးစီးဌာန
ကမ္ဘာပေါ်တွင် လူနှင့် တိရစ္ဆာန်များ စားသုံးရန် အတွက် နှံစားသီးနှံအဖြစ် ဂျုံ၊ ဆန်စပါးနှင့် ပြောင်းဖူးကို အဓိက စိုက်ပျိုးထုတ်လုပ်ကြသည်။ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက်ဖြစ်သော တိရစ္ဆာန်စာလိုအပ်ချက် ဖြည့်တင်းရန်၊ ဆန်အစား ပြောင်းဖူးအဓိကထားသော ဒေသများသို့ ဖြည့်တင်း ပေးရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိရန် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါ သည်။
အရေးကြီးသီးနှံများအနက်တစ်ခု
မြန်မာနိုင်ငံတွင် ပြောင်းဖူးသည် အရေးကြီး သီးနှံများအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း တို့တွင် တွေ့ရှိရပြီး မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးများ ဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ၊ မကွေးတိုင်းဒေသကြီးများနှင့် ကယား၊ ချင်း၊ ကရင် ပြည်နယ်တို့တွင် တွင်ကျယ်စွာ စိုက်ပျိုး ထုတ်လုပ် လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းဖူးစိုက်ပျိုး ရေးနှင့် ပတ်သက်၍ တောင်သူအခေါ် အစေ့ထုတ် ပြောင်းနှင့် ဖူးစားပြောင်းဟူ၍ နှစ်မျိုး ခွဲခြားထားပါ သည်။ အစေ့ထုတ်ပြောင်းကို အစေ့နှင့် ပြောင်းဖူး ဖက်အတွက် အဓိက စိုက်ပျိုးပြီး ဖူးစားပြောင်းကို ဟင်းသီးဟင်းရွက်အဖြစ် ကြော်စား၊ ပြုတ်စားခြင်း၊ ဟင်းချိုပြုလုပ်ခြင်း စသည့်နည်းများဖြင့် စားသောက် ဖွယ်ရာပြုလုပ်၍ စားသုံးကြသည်။ သို့သော် မိုးခေါင် ရေရှားရပ်ဝန်းရှိ အချို့သော မြို့နယ်ကျေးရွာများ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့၌ ပြောင်းဖူးစေ့ကို ထမင်းအဖြစ် ချက်စားကြသည်။ ဖူးစားပြောင်းအဖြစ် စိုက်ပျိုးသော မျိုးအုပ်စုများမှာ ကော်ပျော့ပြောင်း၊ ပြောင်းစေးနှင့် သကြားပြောင်းတို့ ဖြစ်ကြသည်။
ယခုအခါ လူနေမှုစနစ်နှင့် သမမျှတသော စားသောက်မှုပုံစံတို့ ပြောင်းလဲလာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွင်း အစေ့ထုတ်ပြောင်းလိုအပ်ချက်ကို ဖြည့်တင်းပေးရန်၊ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်နေသဖြင့် အစေ့ထုတ်ပြောင်း ထုတ်လုပ်မှု မြင့်တက်လာစေရန် လိုအပ်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ပြောင်းဖူး သီးနှံကို အမျိုးမျိုးအသုံးပြုကြသည်။ ပြောင်းဖူးပင် ၏ မြိတ်ဆာကို ဆေးဖက်ဝင် လက်ဖက်ခြောက် အဖြစ် လည်းကောင်း၊ ပြောင်းဖူးအူတိုင်ကို ပလတ် စတစ်အစားထိုး လက်ကိုင်ဖုန်းများအဖြစ် လည်း ကောင်း၊ ပြောင်းစေးမှ အရည်အသွေးကောင်းကော်၊ ပြောင်းစေ့မှ ပြောင်းဖူးဆီ၊ ပြောင်းဖူး ပင်စည်မှ ဇီဝလောင်စာဆီ (Bio-ethanol) အထိ တိုးတက် ထုတ်လုပ်နေပြီ ဖြစ်သောကြောင့် စက်မှုထုတ်ကုန် များ မြန်မာနိုင်ငံတွင် တိုးတက်ထုတ်လုပ်လာနိုင် ပါက နိုင်ငံအတွင်း အစေ့ထုတ်ပြောင်း လိုအပ်ချက် မြင့်မားလာမည်ဖြစ်ရာ ပိုလျှံသည်များကိုလည်း ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေသော သီးနှံဖြစ်သည်။
ပြောင်းဖူးသီးနှံ ကြိုက်နှစ်သက်သော
ရာသီဥတုအခြေအနေ
ပြောင်းဖူးသီးနှံကို နှစ်စဉ် မိုးရေချိန် ၃၅ - ၄၅ လက်မအတွင်း ရွာသွန်းပြီး၊ အပူချိန် ၇၅°F နှင့် ၈၅°F တွင် အောင်မြင်စွာ ဖြစ်ထွန်းနိုင်ပါသည်။ ပူအေးချိန် ၁၀°C (၅၀°F) အောက်တွင် မြေချစိုက်က အစေ့အပင်ပေါက်နိုင်စွမ်း မရှိပါ။ ၄၀°C အထက် တွင် အပင်ကြီးထွားမှုရပ်တန့်သွားတတ်ပါသည်။ ပြောင်းဖူးသီးနှံကို ရေရနိုင်လျှင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရေလိုအပ်ချိန်တွင် အပင်ခြေ ရေမဝပ် စေဘဲ ရေသွင်းပေးရပါမည်။ အရေးကြီးသည်မှာ ပြောင်းပင်သက်တမ်း တစ်လျှောက်လုံးတွင် မိုးရေ ချိန် ၂၂ လက်မ (သို့) မိုးရေချိန် ၂၂ လက်မနှင့် ညီမျှ သော အစိုဓာတ်သည် အကောင်းဆုံး အပင်ဖြစ်ထွန်း မှုကို ပေးနိုင်ပါသည်။ စိုက်ပျိုးသင့်သော မြေအမျိုး အစားအနေဖြင့် မြေဆီသြဇာထက်သန်၍ အစိုဓာတ် ထိန်းသိမ်းနိုင်ပြီး ရေသွင်းရေထုတ်လွယ်ကူသော မြေများသည် ပြောင်းဖူးစိုက်ရန် အသင့်လျော်ဆုံး ဖြစ်ပါသည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၃ မှ ၇ ဒသမ ၃ အထိ စိုက်ပျိုးနိုင်ပါသည်။ ၅ ဒသမ ၆ အောက်တွင် အပင်ဖြစ်ထွန်းမှု ညံ့ဖျင်းပြီး ၄ ဒသမ ၀ အောက်တွင် အပင်ဖြစ်ထွန်းနိုင်စွမ်း လုံးဝမရှိပါ။ အသင့်လျော်ဆုံး မြေချဉ်ငန်ဓာတ်မှာ ၆- ၇ ဖြစ်ပါသည်။ ဆားငန်ဒဏ်ကို လုံးဝခံနိုင်ရည် မရှိသဖြင့် မြေချဉ်ငန်ဓာတ်မြင့်သော မြေများတွင် အပင်ကြီးထွားမှု နှေးကွေးတုံ့ဆိုင်းပြီး အထွက်နှုန်းကို ကျဆင်းစေပါသည်။ ပြောင်းဖူးစိုက်ပျိုး ရန် အကောင်းဆုံးမြေမှာ နုန်းမြေ၊ သဲနုန်းမြေနှင့် စနယ်မြေတို့ ဖြစ်ပါသည်။ သဲအလွန်ဆန်ပြီး ခြောက် သွေ့လွယ်သောမြေများနှင့်စေးလွန်းပြီး ရေဝပ်လွယ် သော မြေများ၊ ရေထုတ်ရန် ခက်ခဲသောမြေများနှင့် ကျောက်စရစ်ကုန်းမြေများသည် စိုက်ပျိုးရန်မသင့် လျော်သောမြေများ ဖြစ်ပါသည်။
ပြောင်းဖူးစိုက်ပျိုးနည်းစနစ်
ပြောင်းဖူးစိုက်ပျိုးချိန်တွင် အပင်ပေါက် ကောင်းမွန်စေရန်နှင့် မြေတွင်းအစိုဓာတ် လုံလောက် စွာ ထိန်းသိမ်းထားနိုင်ရန် မိုးကြိုထယ်ရေးပြုလုပ်ပြီး ပေါင်းမြက်များကို ဖယ်ရှားပါ။ မိုးဦးကျ၍ အစိုဓာတ် လုံလောက်စွာရရှိသည့်အခါ ထယ်ရေး နက်နက် ရရှိအောင် ထွန်ယက်ပြီး ပေါင်းမြက်နှင့် အမှိုက်များ ကောက်ပေးရပါမည်။ ဒုတိယအကြိမ် ထယ်တစ်စပ် ထပ်မံထိုးပြီး နောက်ထွန်ရေးညက်အောင် ထွန်ယက် ပြီး ရေမဝပ်စေရန် ထယ်ရေးပြင်ကို ညီညာစွာညှိရပါ သည်။ စိုက်ကြောင်းဆွဲသည့်အခါ အတိမ်အနက် မညီလျှင် အပင်ပေါက် ညံ့ဖျင်းတတ်သဖြင့် မြေ အနက် ၂ - ၄ လက်မ အတိမ်အနက် ညီညာအောင် စိုက်ကြောင်းဆွဲပြီး ၂-၂ ဒသမ ၅ လက်မ အနက်တွင် မျိုးစေ့ ထားပြီး မျိုးစေ့လုံအောင် ဖုံးပေးပါက အပင် ပေါက်ကောင်းမွန်ပါသည်။ မျိုးစေ့ချသည့်အခါ မိုးရာသီ တွင် ၂ ဒသမ ၅ လက်မ အနက်ချ၍ ဆောင်းရာသီတွင် ၂-၂ ဒသမ ၅ လက်မ ချ၍ ကြမ်းတုံးဖြင့် ဖုံးပေးရပါမည်။
မြေသြဇာအနေဖြင့် နွားချေး (သို့) သစ်ဆွေး မြေသြဇာကို တစ်ဧက ၃ တန်နှုန်း မြေမပြုပြင်မီ ကြိုတင်၍ ထည့်သွင်းပေးရပါမည်။ ပြောင်းဖူး တစ်ဧက အထွက်နှုန်း မြင့်မားစေရန် ဓာတ်မြေ သြဇာကို စိုက်ချိန်တွင် မြေခံအဖြစ် ယူရီးယား ၁၁၂ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက်ရှ် ၅၆ ပေါင်၊ စိုက်ပျိုးပြီး ၁၅-၂၀ ရက်သားတွင် ယူရီးယား ၅၆ ပေါင်နှုန်းနှင့် ၃၀-၄၀ ရက်သား ပေါင်တင်ချိန်တွင် ယူရီးယား ၅၆ ပေါင်နှုန်း ထည့်သွင်းပေးရပါမည်။ ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာသည် ပြောင်း အထွက်တိုးရန် အဓိက အရေးကြီးပါသည်။ ပုလဲ ဓာတ်မြေသြဇာထည့်ချိန်တွင် အစိုဓာတ်အလုံ အလောက်ရှိရန်လိုအပ်ပြီး မျိုးစေ့နှင့်လည်းကောင်း၊ အပင်နှင့်လည်းကောင်း မထိစေရန် သတိပြုရပါ မည်။ တီစူပါနှင့် ပိုတက်ရှ်မြေသြဇာကို မစိုက်မီ စိုက်ကြောင်းအတွင်း တစ်ကြိမ်တည်း ထည့်သွင်း ပေးရပါမည်။ ပိုတက်ရှ်မြေသြဇာကို ယူရီးယား မြေသြဇာနှင့်အလားတူ ထည့်သွင်းပေးခြင်းဖြင့် သဲဆန်သောမြေများတွင် ပို၍ အကျိုးသက်ရောက် စေပါသည်။ ဂျစ်ပဆန် (ခေါ်) ကျောက်မှုန့် မြေသြဇာ တွင် ကန့်ဓာတ်ပါရှိသဖြင့် သဲဆန်သောမြေများ၊ သဘာဝမြေသြဇာအသုံးနည်းသော မြေများ၊ ယခင်နှစ်က ပုလဲမြေသြဇာ များများသုံးစွဲသော မြေများတွင် သုံးစွဲရန် လိုအပ်ပါသည်။ ထိုမြေမျိုး တွင်စိုက်ချိန်၌ ဂျစ်ပဆန်မြေသြဇာပေါင် ၁၀၀ ကို ကြဲပက်ထွန်မွှေ ထည့်ပေးရပါသည်။ ခြောက်သွေ့ လွန်းလျှင်လည်းကောင်း စိုလွန်းလျှင်လည်းကောင်း မထည့်ရန်နှင့် မြေသြဇာထည့်ပြီးလျှင် အငွေ့ပျံဆုံးရှုံး လွယ်သဖြင့် မြေတွင်းသို့ အမြန်ဆုံးရောက်အောင် ဆောင်ရွက်ရပါသည်။ ကြားထွန်ဝင်ခြင်းကို သား မခွဲမီ တစ်ကြိမ်၊ သားခွဲပြီး မြေသြဇာထည့်ချိန်တွင် တစ်ကြိမ် နှင့် ၃၅-၄၀ ရက်သားတွင် မြေသြဇာထည့် ပေါင်တင်ရန် ဖြစ်ပါသည်။
သတိပြုရန်အချက်များ
ပြောင်းဖူးပင် အပင်ပေါက်သည်မှ တစ်လသား အတွင်း ကြီးထွားမှု လွန်စွာနှေးကွေးသဖြင့် ပေါင်းမြက်များနှင့် ယှဉ်ပြိုင်ကြီးထွားနိုင်စွမ်းမရှိပါ။ အထွက်အကောင်းဆုံးရရှိရန် အပင်ပေါက်သည်မှ တစ်လသားအတွင်း ပေါင်းမြက်များ ကင်းစင်စေရ ပါမည်။ ပြောင်းဖူးသည် အလင်းရောင်တုံ့ပြန်မှု မရှိသဖြင့် အစိုဓာတ်ရရှိပါက မည်သည့် ရာသီ၌မဆို စိုက်ပျိုးနိုင်သော်လည်း ပြောင်းဖူးစိုက်တောင်သူ အများစုသည် မိုးရာသီနှင့် ဆောင်းရာသီတို့၌သာ အဓိက စိုက်ပျိုးကြသည်။ ပြောင်းဖူး၏ ပျမ်းမျှ သက်တမ်းမှာ (၁၁၀-၁၂၀) အတွင်းရှိ၍ မိုးရာသီ ပြောင်းဖူးစိုက်သောဒေသများ၌ စိုက်ပျိုးသင့်သော အချိန်ကာလမှာ မေလ ၁၅ ရက်မှ ဇွန်လ ၁၅ ရက် အထိ စိုက်ပျိုးနိုင်ပြီး စက်တင်ဘာလမှ အောက်တို ဘာလ ၁၅ ရက်တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆောင်း ရာသီပြောင်းဖူးစိုက်သော ဒေသများ၌ စိုက်ပျိုးသင့် သော အချိန်ကာလမှာ အောက်တိုဘာလမှ နိုဝင်ဘာ လအထိဖြစ်ပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းနိုင်ပါသည်။
စိန်ခေါ်မှုများ
ယခုအခါ မြန်မာနိုင်ငံ အစေ့ထုတ်ပြောင်းစိုက်ပျိုး ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ စပ်မျိုး မျိုးစေ့ များကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနသည် တောင်သူများအတွက် လိုအပ် သော မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် စပ်မျိုး မျိုးစေ့ထုတ်လုပ်၍ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ သို့ရာတွင် ပြောင်းစိုက်တောင်သူအများစုမှာ နိုင်ငံခြားကုမ္ပဏီ များက ရောင်းချသော ထွက်နှုန်းမြင့် စပ်မျိုးမျိုးစေ့ များကို အသုံးပြုကြပါသည်။ ဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် အားပေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ သုတေ သနပြုရရှိလာသော စပ်မျိုးသစ်များကို ပုဂ္ဂလိက တောင်သူ၊ အစိုးရဌာနများ ပူးပေါင်း၍ တိုးတက်ဆောင်ရွက် ခြင်းဖြင့် ပြည်တွင်း စပ်မျိုးမျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ် လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ပြောင်းစိုက်တောင်သူ များအတွက် နှစ်စဉ် ပြောင်းမျိုးစေ့ တန် ၅၀၀၀ မှ ၆၀၀၀ အထိ လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းသီးနှံကို အဓိကအားဖြင့် မိုးရာသီ၌ အမြောက်အမြား စိုက်ပျိုး လေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှု ရှိတတ်သဖြင့် ပြောင်းဖူးနှင့် ပြောင်းဖူးစေ့တွင် မှိုရောဂါများ ကျရောက်ဖျက်ဆီးတတ်လေ့ ရှိပါ သည်။ ထို့ပြင် ရိတ်သိမ်းပြီး အခြောက်ခံရန် အတွက် အခက်အခဲရှိခြင်း၊ အခြောက်ခံချိန်တွင် အစိုဓာတ်နှင့် အပူချိန်မြင့်မားသဖြင့် မှိုရောဂါများ ကျရောက်ပြီး လူ၊ တိရစ္ဆာန်များအတွက် အန္တရာယ် ဖြစ်စေသော aflatoxin အဆိပ်များ ပြောင်းစေ့များ တွင် ပါရှိတတ်ပြီး အစိုဓာတ်များစွာဖြင့် သိုလှောင် မိပါက မှိုဆိပ်ကြောင့် အစေ့များမည်းပြီး အရည် အသွေးကျဆင်းသဖြင့် ဝယ်ယူလိုမှု လျော့နည်းမည် ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ စျေးကွက်လိုအပ်ချက် တိုးတက်များပြားလာခြင်းကြောင့် မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာ စေရန်အတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် လိုအပ် သကဲ့သို့ ရိတ်သိမ်းပြီး လုပ်ငန်းစဉ်များတွင်လည်း လေလွင့်ဆုံးရှုံးမှုများ လျော့ပါးစေရန် ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ ခြွေလှေ့သန့်စင်ခြင်းနှင့် သိုလှောင် ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လျက် ရှိနေပါသည်။ မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်း၏ လက်ရှိ အခြေအနေအားဖြင့် ပြည်ပမှ စပ်မျိုးမျိုးစေ့များနှင့် ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေးများ ဝယ်ယူ တင်သွင်း စိုက်ပျိုးနေရခြင်း၊ အခြေခံသွင်းအားစု များ၏ စျေးနှုန်းမှာ တောင်သူအများစုအတွက် စျေးနှုန်းကြီးမြင့်သဖြင့် လိုအပ်သလောက် ထိရောက် စွာအသုံးမပြုနိုင်ခြင်း၊ ဓာတ်မြေသြဇာထည့်သွင်းမှု နှင့် စိုက်ပျိုးပြုစုမှုနည်းစနစ်များ မမှန်ကန်ခြင်း၊ ပြောင်းစေ့စျေးနှုန်းနှင့် စျေးကွက်တည်ငြိမ်မှု မရှိ ခြင်း၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်ကာလတွင် စနစ်တကျ စီမံဆောင်ရွက်နိုင်မှု အားနည်းခြင်း ကြောင့် လေလွင့်ဆုံးရှုံးမှု များပြားခြင်း၊ စျေးကွက် တင်ရောင်းချမည့် သီးနှံထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးသည် စျေးကွက်၏ သတ်မှတ်ထား သော စံချိန်စံညွှန်း မပြည့်မီခြင်း စသည့်ပြဿနာ အခက်အခဲများ ကြုံတွေ့လျက်ရှိပါသည်။
လက်ရှိဆောင်ရွက်လျက်ရှိသော
မျိုးမွေးမြူရွေးချယ်ရေး နည်းလမ်းများ
စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် စပ်မျိုးပြောင်းမျိုးသစ်များ ရရှိရန် ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ပြည်ပနိုင်ငံများနှင့် အပြည်ပြည် ဆိုင်ရာ သုတေသနအဖွဲ့အစည်းများမှ ဗီဇမျိုးသန့် မိဘမျိုးလိုင်း (Inbred Line) များ မှာယူတင်သွင်းရန် စပ်မျိုးပြောင်းဖူးများ စမ်းသပ်ထုတ်လုပ်ခဲ့ရာ အဆိုပါ ဗီဇမျိုးသန့် မိဘလိုင်းများသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုမရှိ သဖြင့် မအောင် မြင်ခဲ့ပါ။ ၁၉၈၆ ခုနှစ်မှစတင်၍ ဗီဇမျိုးသန့် မိဘ လိုင်းများရရှိရန် ပြည်တွင်း၌ စတင်မျိုးကူးစပ်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။ စပ်မျိုးပြောင်းဖူး သုတေသနလုပ်ငန်းသည် ရေရှည် ဆောင်ရွက်ရ သောလုပ်ငန်းတစ်ခုဖြစ်ပြီး စပ်မျိုး မျိုးသစ်တစ်ခု ရရန် အနည်းဆုံး ၈ နှစ်မှ ၁၂ နှစ်အထိ ဆောင်ရွက်ရပါ သည်။
၁၉၉ဝ ပြည့်နှစ်မှစ၍ ပြည်တွင်း၌ မွေးမြူရရှိ ၍ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် စပ်မျိုး (Comm-ercial Hybrid) ကို ပထမဆုံး အောင်မြင်စွာ သုတေသနပြု ထုတ်ဝေနိုင်ခဲ့ပါသည်။ သီးနှံ ထုတ်လုပ်မှုမြင့်မားလာစေရန် စပ်မျိုးသီးနှံများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးလှပါသည်။ သို့ဖြစ်ပါ၍ စပ်မျိုးပြောင်းဖူးသုတေသနလုပ်ငန်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ရေရှည်စီမံ ချက်များချမှတ်၍ ၁၉၇၄-၇၅ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ရာ စပ်မျိုးပြောင်း ကိုးမျိုးကို အောင်မြင် စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်ဝေထားသော မျိုးများအနက် သင့်လျော်သော မျိုးများကို ရွေးချယ် စိုက်ပျိုးသင့် ပါသည်။ ယခုအခါ ထုတ်ဝေခဲ့သော စပ်မျိုး ခုနစ်မျိုး အနက်မှ ရေဆင်းစပ်မျိုး-၁၀၊ ရေဆင်းစပ်မျိုး-၁၁ တို့ကို တောင်သူများ စိုက်ပျိုးနိုင်ရန်အတွက် စပ်မျိုး မျိုးစေ့တို့ကို စိုက်ပျိုးထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ ရေဆင်းစပ်မျိုး- ၁၀ သည် အသက်ရက် ၁၀၀-၁၁၀ ရှိပြီး တစ်ဧကလျှင် ၁၂၀-၁၂၅ တင်းထွက်ရှိ၍ ပြောင်းစေ့အဖူးထိပ်ထိ ပြည့် သည့် အူတိုင်သေးမျိုးဖြစ်ပါသည်။ မြေပြန့်တောင်ပေါ် နှစ်မျိုးစလုံးအတွက် အသုံးပြုသင့်ပါသည်။ (ရေဆင်း စပ်မျိုး-၁၁) သည် အသက်ရက် ၁၀၅-၁၁၅ ရက် ရှိပြီး တစ်ဧကလျှင် ၁၁၅-၁၂၅ တင်းထွက်ရှိ၍ အစေ့ ထွက် ရာနှုန်းကောင်းသည့် လိမ္မော်ရောင် ထိပ်ခုံး အစေ့မျိုး ဖြစ်ပါသည်။ တောင်ပေါ်ဒေသ အတွက် ရေဆင်းစပ်မျိုး ၁၁ မျိုးကို အသုံးပြုသင့်ပါသည်။
စပ်မျိုးပြောင်းဖူးမျိုးများ မျိုးကူးစပ် မွေးမြူ ရွေးချယ်သည့်လုပ်ငန်းစဉ်များအဖြစ် ဗီဇမျိုးသန့် လိုင်းများ၏ ဗီဇကွဲလွဲမှုကို ပင်ပိုင်းဆိုင်ရာလက္ခဏာ များ မှတ်တမ်းကောက်ယူ၍ စိစစ်ခြင်း၊ ဒေသ ဖြစ်ထွန်းမှုနှင့် အထွေထွေပေါင်းစပ်စွမ်းရည်သိရှိ ရန် အစမ်းစပ် စပ်မျိုးများ မျိုးကူးစပ်ရွေးချယ်ခြင်း များ ဆောင်ရွက်ပြီး ရရှိလာသော အစမ်းစပ် စပ်မျိုး များကို စမ်းသပ်ဒေသအသီးသီးတွင် အထွက် ယှဉ်ပြိုင်ခြင်း၊ အထွေထွေပေါင်းစပ် စွမ်းရည်ကောင်း သော ဗီဇမျိုးသန့်လိုင်းများအား သီးသန့်ပေါင်းစပ် စွမ်းရည် သိရှိရန် ပတ်လည်မျိုးကူးစပ်ခြင်းနည်းကို အသုံးပြု၍ ဆောင်ရွက်ပြီး ရရှိလာသော အစမ်းစပ် စပ်မျိုးများကို စမ်းသပ်ဒေသအသီးသီးတွင် အထွက် ယှဉ်ပြိုင်ခြင်းဆောင်ရွက်ပါသည်။ ထို့နောက် နှိုင်းယှဉ် စံထားမျိုးများထက် သာလွန်သော လက်ရွေးစင် အစမ်းစပ် စပ်မျိုးများကို ရွေးချယ်၍ ထပ်မံမျိုးစပ်ပြီး ဒေသအဆင့်အထွက်ယှဉ်ပြိုင်ခြင်း၊ တောင်သူများ သိရှိအောင် သရုပ်ပြ စိုက်ပျိုးခြင်းများ အဆင့်ဆင့် ဆောင်ရွက်ပြီး ဒေသအလိုက်ဖြစ်ထွန်းမှု ကောင်းမွန် ၍ အထွက်ကောင်း၊ အရည်အသွေးကောင်း မျိုးသစ် များအား အမျိုးသားမျိုးစေ့ကော်မတီတွင် မှတ်ပုံတင် ပြီး တောင်သူများ စီးပွားဖြစ်စိုက်ပျိုးရန် စပ်မျိုး မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည်ဖြင့် လုပ်ငန်း စဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပါသည်။
မျိုးကူးစပ် မွေးမြူရွေးချယ်ခြင်း သုတေသန လုပ်ငန်းတွင် ခေတ်မီ ဇီဝနည်းပညာများ (Biotech-nology) နည်းပညာများကို အသုံးချဆောင်ရွက် နိုင်ရန်အတွက် ပြောင်းသီးနှံတွင် DNA ထုတ်ယူပြီး Simple Sequence Repeat (SSR) Molecular Markers များဖြင့် ဗီဇကွဲလွဲမှုစိစစ်ခြင်း သုတေသန များဆောင်ရွက်၍ အထွက်နှုန်းမြင့်မားသည့်စပ်မျိုး ပြောင်းသစ်များ ထုတ်လုပ်သည့်သုတေသနလုပ်ငန်း တွင် မိဘလိုင်းများအဖြစ် အသုံးပြုရန်ရှာဖွေခြင်း သုတေသနလုပ်ငန်းကို ၂၀၁၆ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လက်ရှိ စိုက်ပျိုး နေသောစပ်မျိုးများထက် ပိုမိုကောင်းမွန်သောစပ်မျိုး များရရှိရန်အတွက် ဗီဇသဘောအရနှင့် ရုပ်သွင်ပြင် အရ သွေးဝေးပြီး၊ လိုလားအပ်သောလက္ခဏာပါသည့် မိဘရှစ်မျိုးကို အသုံးပြု၍ မျိုးကူးစပ်ထားသည့် Development of 8-Ways Recombinant Inbred Line စီမံကိန်းကိုလည်း ၂၀၁၇ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အထွက်နှုန်း နှင့် အရည်အသွေးကောင်းမွန်သော စပ်မျိုးပြောင်း သုတေသနလုပ်ငန်းများကို အဓိက ဆောင်ရွက် လျက်ရှိပြီး ထုတ်ဝေပြီး စပ်မျိုးပြောင်းဖူးမျိုးများ၏ မိဘလိုင်းများအား အရည်အသွေး မကျဆင်းစေရန် မျိုးသန့်ထိန်းသိမ်းခြင်း သုတေသနလုပ်ငန်းများကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ။
- Log in to post comments