
နေပြည်တော် ဇန်နဝါရီ ၉
စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်စေရေး ဂရုပြု ဆောင်ရွက်ရန် လိုအပ်သည့်နည်းတူ သက်ဆိုင်ရာ ဒေသ၏ ထူးခြားသောဝိသေသလက္ခဏာများပါဝင် သည့် လယ်ယာစီးပွားအခြေခံသော စီးပွားရေးဇုန်များ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်း ဇန်နဝါရီ ၈ ရက် နံနက် ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြား သည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင် ရာ လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဒေသရေမြေ၏ အခြေအနေပေးမှုကို အသုံးချပြီး တောင်သူများအတွက် ထုတ်လုပ်မှုစရိတ် အနည်းဆုံး နှင့် အရည်အသွေးမြင့်မားသော ထုတ်ကုန်များ ဖြစ်စေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေများနှင့်အညီ တောင်သူများ မြေယာ အသုံးပြုခွင့် ပိုင်ဆိုင်ခွင့်များရရှိရေး၊ ထုတ်လုပ်မှု တိုးတက်ရေး၊ သွင်းအားစုနှင့် လုပ်သားစရိတ် သက်သာ စေရေး၊ စက်မှုလယ်ယာစနစ် အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်နှင့် ခေတ်မီနည်းပညာ အသုံးချ နိုင်ရေးတို့အတွက် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် အဓိကလိုအပ်ချက်တစ်ခု ဖြစ်သည့် တိရစ္ဆာန်အစာစိုက်ပျိုးထုတ်လုပ်ခြင်း အတွက် ဌာနချင်းပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထို့အတူ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားရေးအတွက် လိုအပ်သည့်သင်တန်းများဆောင်ရွက်ရန်နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို ထိရောက်စွာအသုံးချဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ကြည့်ရှုအားပေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ Jadae Akha ကုမ္ပဏီ၏ ကော်ဖီနှင့် လက်ဖက်ခြောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မှုကို ကြည့်ရှုအားပေး ပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ တာလေမြို့ နားယောင်းကျေးရွာအုပ်စု တောင်သူ ဦးကျာဟေး၏ ဖြောင့်ဖြူးပျော်ရွှင်ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံသို့သွားရောက်ကြပြီး စိုက်ပျိုး မြေဧက ၃၀၀ တွင် GAP ကျင့်စဉ်လိုက်နာကျင့်သုံး၍ ခေတ်မီရေအစက်ချစနစ်ဖြင့် ပျားလိမ္မော်အပင် ၆၀၀၀၀ ကျော် စိုက်ပျိုးလုပ်ကိုင်နေမှုကို လည်းကောင်း၊ လိမ္မော်ပင်များကြားတွင် တိရစ္ဆာန်အစာ နေပီယာ မြက်စိုက်ပျိုးပြီး ဒေသမျိုး နွားကောင်ရေ ၃၀၀ ကျော် မွေးမြူကျွေးမွေး၍ နွားချေးကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနေမှုကိုလည်းကောင်း၊ အရည်အသွေးကောင်း လိမ္မော်သီးများ စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း ဈေးကွက်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချ နေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ ဇန်းမွန်းအခါဟိုတယ်ဧည့်ခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် တားဆီးရေး၊ ပြည်တွင်း၏ အသားစားသုံးမှုဖူလုံရေး နှင့် ပို့ကုန်တိုးတက်ရေးအတွက် မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ကိစ္စ၊ လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာပင် စိုက်ပျိုး ကျွေးမွေးသည့်စနစ် ထွန်းကားလာစေရန် အသိပညာ၊ နည်းပညာ ကူညီပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်