
ဆိုးလ် စက်တင်ဘာ ၂၇
တောင်ကိုရီးယားနိုင်ငံသည် လာမည့်လအတွင်း အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် အသက် ၇၅ နှစ် အထက် အသက်အရွယ်ရှိသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးမည်ဖြစ်ကြောင်း ယနေ့တွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံသည် ဇူလိုင်လအစောပိုင်းကတည်း က ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်းနှင့် ရင်ဆိုင်နေခဲ့ရကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်တစ်ပတ်အတွင်းက နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၃၀၀၀ အထိ ပထမဆုံးအကြိမ် မြင့်တက်မှု ရှိခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေးအေဂျင်စီ၏ ကာကွယ်ဆေးထိုးနှံရေး အကြံပေး ကော်မတီကလည်း ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးရာတွင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ဩဂုတ်လမှစတင်ကာ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကလေးငယ် ၅၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ဥရောပနှင့် အာရှနိုင်ငံအများစုကလည်း အဆိုပါ အသက်အရွယ်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် အကြံပြုခဲ့ကြပြီးဖြစ်သောကြောင့် တောင်ကိုရီးယား နိုင်ငံကလည်း အဆိုပါအုပ်စုများအား ထိုးနှံပေးရန်စီစဉ်ခဲ့ကြောင်း သိရသည်။
ကိုးကား-စီအင်န်အေ ဘာသာပြန်-အလင်းသစ်