
ကိတ်တောင်း ဒီဇင်ဘာ ၁၃
တောင်အာဖရိကနိုင်ငံသမ္မတ ရာမာဖိုဆာ သည် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများ မြင့်တက်နေစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံခဲ့ရကြောင်း ယနေ့ သတင်းများအရ သိရသည်။
တောင်အာဖရိကသမ္မတ ရာမာဖိုဆာ သည် မြို့တော်ကိတ်တောင်းသို့ အလည် အပတ်ခရီးသွားရောက်စဉ် မကျန်းမမာ ဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း တောင် အာဖရိက သမ္မတရုံးက ဒီဇင်ဘာ ၁၂ ရက် တွင် အတည်ပြုပြောကြားသည်။ သမ္မတ ရာမာဖိုဆာသည် လက်ရှိတွင် သီးသန့် ခွဲထား စောင့်ကြည့်မှုခံယူလျက်ရှိကြောင်း သိရသည်။
တောင်အာဖရိကသမ္မတ ရာမာဖိုဆာ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း လည်း တောင်အာဖရိကသမ္မတရုံးက ဆက်လက်ပြောကြားသည်။ တောင် အာဖရိက သမ္မတ ရာမာဖိုဆာသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်း ကြောင့် ၎င်း၏သမ္မတလုပ်ငန်းတာဝန် များကို ဒုတိယသမ္မတ ဒေးဗစ်မာဘူဇာ အား လွှဲအပ်ထားကြောင်း သိရသည်။
တောင်အာဖရိကအစိုးရသည် ကမ္ဘာ ပေါ်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိရသည့် နိုင်ငံဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး သမ္မတရာမာဖိုဆာ ရောဂါကူးစက် ခံရမှုသည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဟုတ်၊ မဟုတ် ရှင်းရှင်း လင်းလင်း မသိရှိရသေးကြောင်း သိရ သည်။ လက်ရှိတွင် တောင်အာဖရိက နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်ကမူ တစ်ရက်အတွင်း ကူးစက် ခံရသူပေါင်း ၂၂၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်