ရန်ကုန် ဇွန် ၂၄
ဇွန် ၁၆ ရက်မှ ၂၂ ရက်အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်၌ ဆန်၊ ကြက်သွန်နီ၊ ရှမ်းကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်၊ သကြားဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး စားအုန်းဆီဈေးနှုန်း အနည်းငယ်ကျဆင်းလာခဲ့သည်။ ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဈေးကွက်အတွင်း ဝယ်လိုအားလျော့နည်းလျက်ရှိကြောင်း ပွဲရုံလုပ်ငန်းရှင် များက ဆိုကြသည်။
ဆန်
ဆန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း နယ်တင်ပို့မှုနှင့် လာရောက်ဝယ်ယူမှုများ နည်းပါးလျက်ရှိသည်။ တစ်အိတ်ဈေးနှုန်းများ တွင် ရွှေဘိုပေါ်ဆန်းအောက်စ တစ်အိတ်ကျပ် ၅၅၀၀၀၊ ထိပ်စ ကျပ် ၆၃၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်း ကျပ် ၅၄၀၀၀၊ ဖျာပုံပေါ်ဆန်း ကျပ် ၅၁၀၀၀ နှင့် ပေါ်ကျွဲတစ်အိတ် ကျပ် ၄၀၀၀၀ တို့ ဈေးရနေကြသည်။ ဆန်ကွဲတစ်အိတ် ကျပ် ၃၁၀၀၀ အထိ ဈေးမြင့်လာခဲ့ပြီး ဆန်ကြမ်းသီးထပ် မှာ ယခင်က ကျပ် ၃၀၅၀၀ သာရှိရာမှ ယခု ကျပ် ၃၃၅၀၀ ဈေးမြင့်လာခဲ့ သည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ဇွန် ၂၂ရက် ဈေးနှုန်းများအရ မုံရွာကြက်သွန်နီ လတ်ချော တစ်ပိဿာ ကျပ် ၁၄၀၀မှ ကျပ်၁၉၀၀ အထိ ဈေးနှုန်းများ မြင့်တက်လာ ခဲ့သည်။ ရှမ်းကြက်သွန်ဖြူ(အောင်ပန်း)တစ်ပိဿာ ကျပ် ၂၃၀၀ မှ ကျပ် ၃၉၀၀၊ ကြူကုတ်အသစ်မှာ တစ်ပိဿာ ကျပ် ၂၇၀၀ ဝန်းကျင်ရှိခဲ့သည်။
အာလူး
တရုတ်အာလူး(သဲသီး)နှင့် အဝါသီးများ လက်ကား တစ်ပိဿာ ကျပ် ၁၈၀၀၊ ဟဲဟိုး(အမည်းသီး) ရောရာ(ဒုံးဈေး) တစ်ပိဿာ ကျပ် ၁၇၀၀ ဖြင့် ရောင်းချနေကြသည်ကို ဇွန် ၂၂ ရက်က မြင်တွေ့ရသည်။ ဇွန် ၁၆ ရက်တွင် အာလူးဈေးနှုန်းမှာ ဟဲဟိုး တစ်ပိဿာ ငွေကျပ် ၁၄၅၀ မှ ၁၅၀၀၊ တရုတ်အာလူး ကျပ် ၁၄၅၀ နှုန်းသာရှိခဲ့သဖြင့် ဈေးနှုန်းမြင့်တက် လာခဲ့ခြင်းဖြစ်သည်။
ငရုတ်
ပန်းရဲငရုတ်ရှည်အသစ်ရိုးရိုး တစ်ပိဿာ ကျပ် ၈၅၀၀၊ မြစ်ဝကျွန်း ပေါ်ငရုတ်ရှည်အသစ်ရိုးရိုး တစ်ပိဿာ ကျပ် ၈၂၀၀၊ အအေးခန်းထုတ် ငရုတ်ရှည် ကျပ် ၈၅၀၀၊ မိုးထောင်ငရုတ် ရိုးရိုးတစ်ပိဿာ ကျပ် ၈၀၀၀၊ အအေးခန်းထုတ် ၈၅၀၀-၉၀၀၀ ကျပ်၊ မြစ်ဝငရုတ်ပွရိုးရိုး တစ်ပိဿာ ကျပ် ၁၁၅၀၀-၁၂၀၀၀၊ အအေးခန်းထုတ် တစ်ပိဿာ ကျပ် ၁၂၅၀၀ စသည်ဖြင့် ယခင်သီတင်းပတ်ကထက် အတက်ကြမ်းလာခဲ့သည်။
စားသုံးဆီ
ဇွန် ၂၁ ရက်က စားအုန်းဆီပြင်ပဈေးနှုန်းများမှာ လက်ကားပီပါ ဈေး တစ်ပိဿာ ကျပ် ၇၂၀၀ မှ ၇၄၀၀ အထိ ဈေးရှိပြီး အချို့လက်ကား ဆိုင်များတွင် လူတစ်ဦးလျှင် အချိန် ၁၀ နှုန်းဖြင့် တစ်ပိဿာကျပ် ၆၉၀၀ နှုန်း ရောင်းချပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။ မြေပဲဆီနှင့် နှမ်းဆီ ဈေးနှုန်းများမှာ ငွေကျပ် ၉၀၀၀ မှ ၁၁၀၀၀ နှုန်းဖြစ်ကြောင်း သိရသည်။
မတ်ပဲနှင့် ပဲစင်းငုံ
မတ်ပဲတစ်တန်လျှင် ငွေကျပ် ၁၆၁၆၀၀၀၊ ပဲစင်းငုံတစ်တန် ငွေကျပ် ၁၃၈၇၀၀၀ ဖြင့် ရောင်းချဝယ်ယူလျက်ရှိသည်။
အောင်ခင်နိုင်



