တစ်ပတ်အတွင်း ကုန်စည်‌ဈေးကွက်

 

ရန်ကုန်  ဧပြီ  ၁၄ 
ဧပြီ ၆ ရက်မှ ၁၂  ရက်အထိ  ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ဆန် နှင့် ကြက်သွန်ဖြူ ဈေးမြင့်လာသည်။ သင်္ကြန်အကြိုရက်မတိုင်မီ ဧပြီ ၁ဝ ရက်တွင်သာ ရန်ကုန်မြို့တွင်း  ဈေးနှင့်ဆိုင်များမှ    အဝယ်ရှိပြီး နယ်ပို့သည့်   အဝယ်နည်းသွားသည်။  ဧပြီ ၁၁ နှင့် ၁၂ ရက်တွင် ဖွင့်သည့် ပွဲရုံ အနည်းငယ်ရှိပြီး ကြက်သွန်နီအဝင်လည်း  သိသာစွာ  နည်းသွားပြီး‌ ဈေးနှုန်းမှာ ‌ပြောင်းလဲမှုမရှိဟု သိရသည်။
ဆန်
ရန်ကုန်‌ဈေးကွက်သို့ ယခုအပတ်အတွင်း ဆန်အဝင်နည်းသွားသည်။ ဆန်ကုန်စည်ဒိုင်နှစ်ခု ဧပြီ ၈ ရက်မှစ၍ သင်္ကြန်ပိတ်ရက် ပိတ်ထားရာ  ဆန်ကြမ်းလက်ကားနှင့်  လက်လီအိတ်ဆွဲ ရောင်းဝယ်မှုနည်းသည်။ ဆန်ချောများသာ လက်လီဈေးကွက်တွင် အဝယ်အချို့ရှိပြီး‌ ဈေးနှုန်း အတက်ကြမ်းလာသည်။ ဖျာပုံပေါ်ဆန်းဆန် တစ်အိတ်ဈေးနှုန်း အိမ် အရောက်ပို့  ကျပ်   ၈၄၀၀၀၊  မြောင်းမြပေါ်ဆန်း  အိမ်အရောက်ပို့ တစ်အိတ်ဈေးနှုန်း ကျပ်  ၈၆၀၀၀  နှုန်းသို့ ဈေးမြင့်လာသည်။ ရွှေဘို ပေါ်ဆန်းတစ်အိတ် လက်လီဈေးနှုန်း ထိပ်စကျပ် ၁၀၂၀၀၀  အထိ ရှိလာသည်။
စားအုန်းဆီ
ဧပြီ ၁၀ ရက်မှ ၂၃ ရက်အထိ ရန်ကုန်အထိုင်  လက်ကားရည်ညွှန်း ဈေးမှာ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၇၉၀ ဖြစ်ရာ ယခင်အပတ်ထက် ရည်ညွှန်းဈေး တစ်ပိဿာ ၂၄၅ ကျပ် ဈေးမြင့်တက်လာသည်။ ရန်ကုန် ဈေးကွက်အတွင်း ဆီကန်များမှ ဆီထုတ်ယူ၍ မရသော်လည်း ဧပြီ ၁၀ ရက် ညောင်ပင်လေးဈေး ဆီဈေးကွက်တွင် အလှယ်လက်ငင်းဆီပီပါဈေး တစ်ပိဿာ ကျပ် ၆၅၅၀ နှုန်းဖြင့် ဈေးဖွင့်ထားသည်။ လက်လီဝယ်သူသာ များသည်။ နယ်ဈေးကွက်တွင် ဆီရောင်းသူများအနေဖြင့် အလှယ်လက်ကား တစ်ပိဿာဈေး ကျပ် ၆၇၀၀/၆၈၀၀ နှုန်းဖြင့် ဝယ်ယူထားမှုများသည်ဟု သိရသည်။
ပဲ
ဆန်ကုန်စည်ဒိုင်နှင့် ပဲဒိုင်များ ပိတ်ရက်ပိတ်ထား၍ ဧပြီ ၈ ရက် အထိသာ ပဲဈေးနှုန်းဖွင့်ထားသည်။ ဧပြီ ၈ ရက်တွင် ပဲစင်းငုံနီတစ်တန် ကျပ် ၂၄ သိန်းနှုန်းသို့ ပြန်လည်မြင့်တက်လာသည်။ မတ် ၁၈ ရက်တွင် ပဲစင်းငုံဈေးကွက်   သက်တမ်းတစ်လျှောက်   အမြင့်ဆုံးဈေးအဖြစ် တစ်တန် ကျပ် ၂၄  သိန်းသို့   မြင့်တက်ခဲ့ရာမှ   ပြန်လည်ဈေးကျကာ လဝက်အကျော် ပြန်လည်မြင့်တက်ရောက်ရှိလာသည်။ ဧပြီ ၈ ရက်တွင် မတ်ပဲ (RC)တစ်တန် ကျပ် ၂၀၇၀၀၀၀ ၊ (SQ/RCl) တစ်တန် ကျပ် ၂၃၁၅၀၀၀၊  ပဲတီစိမ်း  ခရမ်းရွှေဝါထိပ်စ တစ်ပိဿာ ကျပ် ၃၇၅၀၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၆၀၀/၄၈၀၀ နှုန်း ရှိနေသည်။
ကြက်သွန်နီ
ဧပြီ ၈ ရက် စနေနေ့တွင် ဘုရင့်‌နောင်သို့ နယ်စုံမှ  ကြက်သွန်နီ ပိဿာချိန် ၂၇၀၀၀၀ ဝင်ရောက်ခဲ့သည်ဟု ကုန်စည်ဒိုင်‌ဈေးနှုန်းတွင်‌ ဖော်ပြထားသည်။ ဧပြီ ၁၀ ရက်တွင်မူ နယ်စုံမှ ကြက်သွန်နီပိဿာချိန် ခုနစ်သောင်းဝန်းကျင်သာဝင်ပြီး    ဈေးနှုန်းပြောင်းလဲမှုနည်းသည်။ ဆိပ်ဖြူလက်ကားတစ်ပိဿာ လတ်‌ချော ၁၀၇၅၊ လတ်သန့် ၁၂၀၀၊ လတ်ကြီး ၁၁၅၀၊ ရှယ် ကျပ် ၁၀၅၀ ၊ မြစ်သားလတ်‌ချော ၁၄၀၀၊ ကြားစ ၁၉၀၀၊ ခါးစ ၁၉၀၀ ရှယ်စ ၁၉၀၀ ကျပ်နှုန်း အသီးသီးရှိသည်။ ဧပြီ ၁၁ ရက်တွင် ပိဿာချိန် ၆၀၀၀ သာ ဝင်ရောက်သည်။ 
ဧပြီ ၁၁ ရက်တွင်  ဆိပ်ဖြူဈေးကွက်သို့ ကြက်သွန်နီပိဿာချိန် ၁၁၅၀၀၊  မြင်းခြံ‌ဈေးကွက်သို့ ပိဿာချိန် ၆၄၀၀၀၊  ပခုက္ကူဈေးကွက်သို့ ပိဿာချိန် ၉၂၀၀၀ ဝင်ရောက်သည်။  
ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်
ဧပြီ ၁၀ ရက် ရန်ကုန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ထူး-၂ ကျပ် ၂၈၀၀၊ ထူး-၃ ၃၃၀၀၊ ထူး-၄ ၃၅၀၀၊ ထူး-၅ ၃၇၀၀၊  ကြူကုတ်ကြက်သွန်ဖြူလက်ကားတစ်ပိဿာ ကျပ် ၄၄၅၀ နှုန်းရှိသည်။
ရှမ်း‌အောင်ပန်းအာလူး လက်ကားတစ်ပိဿာလျှင် A1 ကျပ် ၁၃၀၀၊  OK ၁၆၀၀၊ S1 ၁၈၀၀၊ S2 ၁၃၀၀ ကျပ်နှုန်းရှိသည်။
ငရုတ်ဈေးနှုန်းအနေဖြင့် ပန်းတနော်ငရုတ်ရှည်အသစ် လက်ကား တစ်ပိဿာ ကျပ် ၁၀၀၀၀/၁၀၂၀၀၊ ပန်းရဲငရုတ်ရှည်သစ်  ကျပ် ၁၁၀၀၀/ ၁၀၀၀၀၊ မြှားနီငရုတ်ရှည်အသစ် တစ်ပိဿာ ကျပ် ၁၀၀၀၀၊ မိုးထောင်ဒီမို ကျပ် ၁၁၅၀၀-၁၁၇၀၀၊ မြစ်ဝငရုတ်ပွလက်ကားတစ်ပိဿာ ကျပ် ၁၃၀၀၀-၁၃၅၀၀၊  ဆင်ဖြူကျွန်းငရုတ်ပွ  ကျပ် ၁၂၀၀၀-၁၃၀၀၀ နှုန်း ရှိသည်။                                                                

အောင်ခင်နိုင်